တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ရင်း အပါအဝင် ဂိတ်စခန်းသုံးခု တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း အပါအဝင် ဂိတ်စခန်း သုံးနေရာကို တနင်္သာရီမြို့နယ် ပကဖ ဇုန်(၄)၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ နှင့် ၂ အဖွဲ့တို့က သွားရောက် တိုက်ခိုက်ခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
အောက်ကင်းကျေးရွာ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ – ၅၅၇၊ မိုင်ခရိုဝေ့တာဝါတိုင် စခန်းကုန်းနှင့် တနင်္သာရီတံတား စစ်ဆေးရေးဂိတ်များကို တစ်ရက်တည်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း – ၂ ၏ ပြန်ကြားရေး တာဝန်ရှိသူက “သုံးကြိမ်စလုံး တိုက် ခိုက်မှုမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာမျိုး ရှိပါတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေ လည်း ရှိခဲ့တယ်။ ပူးပေါင်းအဖွဲ့က သေချာအောင် စီစဥ်ပြီးမှ အကွက်ချ တိုက်ခိုက်ခဲ့တာပါ” ဟု ပြောသည်။
ဩဂုတ်လ ၂၄ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်က အောက်ကင်းကျေးရွာ အခြေစိုက် စစ်ကောင်စီ၏ ခမရ – ၅၅၇ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့သည်။
ထို့အပြင် တနင်္သာရီမြို့အဝင် စစ်ကောင်စီတပ်၏ တံတား စစ်ဆေးရေးဂိတ်ကို နံနက် ၉ နာရီ အချိန်ခန့်တွင် မိနစ် ၃၀ ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ညနေ ၃ နာရီခွဲ အချိန်ခန့်တွင်လည်း မြို့အဝင် ဗိုလ်ချုပ်ကြေးရုပ် အရှေ့ဘက် တောင်ပေါ်ရှိ စစ်ကောင်စီ စခန်းကိုလည်း တိုက်ခိုက်ခဲ့သေးကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ခမရ – ၅၅၇ တပ်ရင်းမှ တပ်ကြပ်ကြီး ၁ ဦး သေဆုံးခဲ့ပြီး ဗိုလ်ကြီး ၁ ဦး ပြင်း ထန်များ ဒဏ်ရာရရှိခဲ့သည့်အပြင် တနင်္သာရီတံတားကြီး စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက် ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။
တိုက်ခိုက်မှုများအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက် ဒဏ်ရာရရှိခဲ့မှု တစ်စုံတစ်ရာ မရှိခဲ့ဘူးဟု ဆိုသည်။
ပစ်ခတ်တိုက်ခိုက် ခံရပြီးနောက် တနင်္သာရီ တံတားဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးရေးများ ပိုမို တင်းကြပ်ထားပြီး ခရီးသွားလာသူများကို သေနတ်ပြ ခြိမ်းခြောက် ဆဲဆိုခြင်းများ လုပ်ဆောင်နေသည်ဟု တနင်္သာရီမြို့ခံများက ပြောသည်။
စစ်ကောင်စီ၏ တပ်စခန်းနေရာများ တိုက်ခိုက်ခံရပြီးနောက် ခမရ – ၅၅၇ တပ်ရင်းနှင့် တနင်္သာရီ တံတား စစ်ဆေးရေးဂိတ်တို့မှ လက်နက်ကြီးများဖြင့် တစ်နေကုန် ပစ်ခတ်နေခဲ့ကြောင်း ဒေသခံများက ပြောသည်။
တနင်္သာရီမြို့နယ်အတွင်း နှစ်ဖက် စစ်ရေးတင်းမာလျှက် ရှိသဖြင့် ခရီးသွားပြည်သူများ အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များကို လေးစားလိုက်နာ ပေးကြပါရန်နှင့် စစ်ရေးသတိ ကြီးစွာဖြင့် သွားလာကြရန် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မေတ္တာရပ်ခံထားသည်။