ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုများ အကြား မြို့သိမ်းတိုက်ပွဲ အဖြစ် တိုက်ပွဲများ နေ့စဥ် ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြောသည်။

ဩဂုတ်လဒုတိယပတ်မှ စတင်ကာ ယနေ့အချိန်ထိ ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် PDF ကာကွယ်ရေး တပ် ပူးပေါင်းအဖွဲ့များက ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ရန် စစ်ဆင်ရေး လုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက သူတို့ဘက်က စစ်ကူတွေ ရောက်လာတယ်။ အဲ့ဒါတွေကို ဆက်တိုက်နေ ရတဲ့ အနေအထားပါ။ ဒီကနေ့ မနက်ပိုင်းမှာပဲ ဂျက်ဖိုက်တာနဲ့ သုံးကြိမ် Y12 နဲ့ တစ်နာရီလောက် ပတ်ပြီး ဗုံးအလုံး ၅၀ လောက် ကြဲချသွားတယ်လို့ သိရပါတယ်ဗျ ဟု ပြောသည်။

စစ်ကောင်စီတပ်ဘက်က ပင်လည်ဘူးမြို့ လက်မလွှတ်ရရေးအတွက် အစွမ်းကုန် ခုခံနေပြီး ဩဂုတ်လ ၂၇ ရက် နေ့၊ နံနက်ပိုင်းတွင် လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက အတည်ပြု ပြောသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှု အခြေအနေကို ဖုန်းဆက်သွယ်ရေးလိုင်းနှင့် အင်တာနက် လိုင်း အခက်အခဲများကြောင့် အသေးစိတ် မသိရသေးဘူးဟု ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပင်လည်ဘူးမြို့တွင် အထိုင် စစ်ကောင်စီတပ် မရှိပေမဲ့ ရှမ်းနီအမျိုးသား တပ်မတော် SNA ဒေသ ဖြစ်သည့် အတွက် ၎င်းတို့နှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားနေပြီး တိုက်ပွဲများကလည်း နေ့စဥ်ဖြစ်ပွား လျှက်ရှိသည်ဟု ဆိုသည်။

ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက တိုက်ပွဲက နေ့တိုင်းတော့ ဖြစ်နေတာပဲဗျ။ ပြင်းထန်တယ်လို့တော့ မဟုတ်ဘူး။ တစ်ခါတစ်လေကျ မိုးတအား ရွာလိုက် တိုက်ပွဲ ခဏနားလိုက်နဲ့ ဖြစ်တော့ ဖြစ်နေတာပဲ။ တိုက်ပွဲကတော့ နေ့တိုင်း ဖြစ်နေတာပဲ ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ပင်လည်ဘူးမြို့နယ် တိုက်ပွဲအတွင်း လက်နက်နှင့် လူအင်အား ဖြည့်တင်းရန် အတွက် လေကြောင်းကိုသာ အဓိက အသုံးပြုနေရပြီး စစ်ကောင်စီတပ် အထိုင်ချတပ်စခန်း အဖြစ် မြို့တွင်းရှိ ရဲစခန်း တစ်ခုသာ ကျန်တော့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့တွင် မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် ဝန်းသိုမြို့နယ်မှ စစ်လက်နက်ရိက္ခာနှင့် လူအင်အား ၁၀၀ ကျော်ကို Mi 17 ထောက်ပို့ ရဟတ်ယာဥ်ဖြင့် သယ်ဆောင်ကာ ပင်လည် ဘူးမြို့ လက်မလွှတ်ရရေးအတွက် အင်အားဖြည့်တင်းထားသည်ဟု စစ်ရေး သတင်းအရင်းအမြစ်များ က ပြော သည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG လက်အောက်ခံ PDF နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF တို့နှင့် ပူးပေါင်းကာ ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်ပြီး စစ်ကိုင်းနှင့် ကချင်အစပ်တွင် ရှိသည့်မြို့များကို သိမ်းပိုက်ရန် စစ်ဆင်ရေး ဆောင်ရွက်နေ သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

စစ်ကိုင်းနှင့် ကချင်အစပ်ဒေသများ ဖြစ်သည့် ပင်လည်ဘူး၊ အင်းတော်၊ ကောလင်း၊ ထီးချိုင့်နှင့် ကန့်ဘလူ ဒေသ အပါအဝင် ဟုမ္မလင်းမြို့နယ်တို့တွင် မြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ပွဲများနေ့စဥ် ဆိုသလို ပြင်းထန်နေသည်။

ယခုကဲ့သို့ စစ်ကိုင်းနှင့် ကချင်အစပ်ရှိ မြို့သိမ်းတိုက်ပွဲများကြောင့် ကချင် – စစ်ကိုင်း – မန္တလေး ကားလမ်း ပိုင်း ကို ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့က စတင်ကာ တော်လှန်ရေး အင်အားစုများက ရက်အကန့်အသတ် မရှိ ပိတ်ထားပြီး ကချင်ပြည်နယ်အတွင်း အခြေခံ စားသောက်ကုန် ဈေးနှုန်းများလည်း ဆက်တိုက် မြင့်တက်နေ သည်။

ဓါတ်ပုံ – စစ်ကိုင်းနှင့် ကချင်အစပ် ထီးချိုင့်မြို့သိမ်း တိုက်ပွဲအတွင်း မြတောင်ကျေးရွာအား သိမ်းပိုက်နိုင်ခဲ့သည့် KIA ပူးပေါင်းအဖွဲ့များ