မြိတ်ကိုသွားလျှင် အုပ်ချုပ်ရေးမှူး ထောက်ခံစာယူခိုင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်။
မြိတ်ခရိုင် ပုလောမြို့နယ် ကျောက္ကာကျေးရွာတွင် ခရီးသွားလာမည့် သူများသည် အုပ်ချုပ်ရေးမှူး ထောက်ခံစာ ရယူရန် လိုအပ်ကြောင်း လိုက်လံသတိပေး နှိုးဆော်နေသည်ဟု ရွာသားများက ပြောသည်။
သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက ကျောက္ကာကျေးရွာရှိ ရပ်ကွက်အားလုံးကို မြိတ်မြို့နှင့် သဲပုံကျေးရွာသို့သွား
လာမည့် သူများအားလုံး ကျေးရွာအုပ်ချုပ်ရေးမှူး၏ ခရီးသွား ထောက်ခံစာ လက်မှတ် ပါရှိရန် လိုအပ်ကြောင်း အသိပေး ဆော်သြခဲ့ခြင်း ဖြစ်သည်။
အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “လိုက်ပြီး အော်ပြောတာကတော့ သဲပုံရွာနဲ့ ဘိတ်လောက်ပဲ၊ တစ်ခုခု အရေးအကြောင်းနဲ့ ထောက်ခံစာ မယူမိရင် မလွယ်ဘူး၊ ဘိတ် (မြိတ်) ကို နေ့ချင်းပြန်သွားတဲ့ သူတွေပါ ယူရ မယ်လို့ ပြောတယ်၊ လှေရှင်ကိုပါ ယူခိုင်းနေတာ၊ သူတို့ခေတ်ဆိုတော့လည်း ကြောက်လန့်ပြီး ခိုင်းစေတဲ့ အတိုင်း နေရတယ်” ဟု ပြောသည်။
လှေတစ်စီးလုံးတွင် မြိတ်မြို့သို့ နေ့စဥ်လိုက်ပါသူ ယခုကဲ့သို့သော မိုးရာသီကာလမှာပင် ခရီးသည် အယောက် ၃၀ ခန့် ပါရှိပြီး နွေရာသီဆိုပါက ထိုင်ဖို့နေရာပင် မရှိလောက်အောင် အယောက် ၆၀ ကျော်ခန့် ပါရှိသည်ဟု ဆိုကြ သည်။
ကျောက္ကာကျေးရွာသို့ မည်သည့်ခရီးနေရာမှ လာစေကာမူ ကျေးရွာအရှေ့တွင် ကျောက်ချထားသည့် စစ်သင်္ဘော ထံကပ်၍ အစစ်ဆေးခံပြီးမှ ကျေးရွာပြည်တော်သာ တံတားသို့ ဆိုက်ကပ်ခဲ့ရသည်။
ကျေးရွာမှ ငါးဖမ်းစက် လှေငယ်များကိုမူ စစ်သင်္ဘောမှ ယခင်က အဝင်အထွက် စစ်ဆေးလေ့ရှိနေပြီး ယခုတွင် လှေတစ်ခေါက် ထွက်ရန်အတွက် လက်မှတ်ထိုးခ အဖြစ် ငွေကျပ် ငါးသောင်းပေးရပြီး စစ်ဆေးခံရန် မလိုတော့ကြောင်း ရွာသားများက ပြောသည်။
ကျောက္ကာကျေးရွာသည် ပင်လယ်ရေလုပ်ငန်း ဖြင့် အဓိက အသက်မွေးဝမ်းကြောင်း ပြုလုပ်ကြသူများ နေထိုင် ကြပြီး အမှတ် ၁၊ ၂၊ ၃၊ ၄ ဟူ၍ ရပ်ကွက် ၄ ခု ခွဲထားသည်။
အိမ်ထောင်စု ၈၀၀ ကျော်ခန့်ရှိပြီး လူဦးရေ အယောက် ၄,၅၀၀ နီးပါးနေထိုင်သည့် ကျွန်းကျေးရွာကြီး တစ်ရွာ လည်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလဆန်းပိုင်းက ကျောက္ကာကျေးရွာအနီး ကုန်းကြောင်းနှင့် ရေကြောင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပြီးနောက် ငါးဖမ်းလှေငယ်များကို စစ်ကောင်စီတပ်မှ ပိတ်ပင်ခဲ့ပြီး တစ်လခန့်အကြာတွင် နယ်မြေ အကန့်အသတ်နှင့်သာ ပင်လယ်ပြင် ထွက်ခွင့် ပြန်ပေးခဲ့ကြောင်း ရွာသားများက ပြောသည်။