စစ်ကောင်စီက Dawei Watch သတင်းသမား ၂ ဦးအား နှစ်ရှည်ထောင်ဒဏ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်။
စစ်ကောင်စီက မြိတ်မြို့ အကျဥ်းထောင်တွင် ဖမ်းဆီးထားသည့် Dawei Watch သတင်းဌာနမှ သတင်းသမား နှစ်ဦးအား ထောင်တွင်း စစ်ခုံရုံးမှ နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်သည်ဟု Dawei Watch သတင်းဌာနမှ ထုတ်ပြန်ထားသည်။
Dawei Watch မီဒီယာ၏ အယ်ဒီတာချုပ်က “သတင်းသမားတွေကို ဖမ်းပြီး အကြမ်းဖက် ဥပဒေပုဒ်မတွေ တပ် ပြီး စစ်ခုံရုံးတင်တယ်။ သူတို့ဖမ်းချင်တဲ့ ပုဒ်မနဲ့ ဖမ်းပြီး လုပ်ချင်သလို လုပ်နေတာ။ သတင်းသမားတွေ ဆိုတာ က လွတ်လပ်စွာနဲ့ သူတို့အလုပ် သူတို့လုပ်ပြီး သတင်း ထုတ်ဖော်နေကြတာကို စစ်တပ်က ရည်ရွယ်ချက်
ရှိရှိ ဖိနှိပ်ဖို့ ကြိုးစားနေတာ” ဟု ပြောသည်။
သြဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီက မြိတ်မြို့အခြေစိုက် သတင်းသမား နှစ်ဦး ဖြစ်သည့် ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦးတို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင်အချိန်က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
လာရောက်ဖမ်းဆီးခဲ့စဥ်က သတင်းရေးသားမှုကြောင့်ဟု ဆိုကာ ကွန်ပြူတာ လက်ပ်တော့နှင့် ဖုန်းများကိုပါ တစ်ပါတည်း သိမ်းဆည်းသွားကာ စစ်ကြောရေးတွင် လေးရက်ခန့် ရိုက်နှက် နှိပ်စက်ခဲ့ပြီးနောက် မြိတ်အကျဥ်း ထောင်၌ ချုပ်နှောင်ထိန်းသိမ်းခဲ့ကြောင်း ဖေါ်ပြထားသည်။
စစ်ကောင်စီက တိတ်တဆိတ် တရားစီရင်ပြီး ကိုအောင်ဆန်းဦး ကို ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ (ခန့်မှန်းကာလ) တွင် ထောင်ဒဏ် နှစ်၂၀ ချမှတ်လိုက်ပြီးနောက် ကိုမျိုးမြင့်ဦးအား မတ်လ ၁၅ ရက်နေ့ (ခန့်မှန်း ကာလ) ၌ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း Dawei Watch မီဒီယာက ဆိုသည်။
ထို့အပြင် အဓမ္မအမှုဆင်၍ ထောင်ဒဏ်ချမှတ်မှု အပေါ် မေးမြန်းခွင့် မပေးသလို တရားဝင် ဖြေရှင်းပြောဆိုခြင်း လည်း မရှိခဲ့ကြောင်း Dawei Watch မီဒီယာ၏ ထုတ်ပြန်ချက်က ဆိုသည်။
မြိတ်မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ် မဟုတ်သဖြင့် သတင်းသမားများကို ဥပဒေနှင့်အညီ ခုခံကာကွယ်ခွင့် ပေးရမည် ဖြစ်သော်လည်း တရားရုံးတွင် စစ်ဆေးခြင်း မရှိဘဲ မြိတ်ထောင်ရှိ စစ်ခုံရုံးက ဥပဒေမဲ့ ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
သတင်းသမားများအတွက် အကာအကွယ်မဲ့ နေပြီး ပြည်တွင်း၌ ရှိနေသည့် သတင်းသမားများမှာ အင်မတန် အန္တရာယ်ရှိနေပြီး အချိန်မရွေး ဖမ်းဆီးမှု၊ သတ်ဖြတ်မှုနှင့် နှစ်ရှည်ထောင် ကျခံနေရမည့် အခြေအနေမျိုး ရှိနေသည်ဟု ဆိုကြသည်။
နှစ်ရှည် ထောင်ဒဏ်ချခံရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြိတ်အကျဉ်းထောင်နှင့် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကို Dawei Watch မီဒီယာဘက်မှ ဖုန်းဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ပြန်လည် လက်ခံဖြေကြား ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီမှ သတင်းသမားများကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင် စစ်ဆေးခြင်း၊ ဥပဒေနှင့်အညီ ခုခံကာကွယ် ချေပခွင့် မပေးဘဲ ပြစ်ဒဏ်ချမှတ် အရေးယူခဲ့သည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်ထားပြီး သတင်းသမားနှစ်ဦး ကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးရန် Dawei Watch မီဒီယာဘက်က တောင်းဆိုထားသည်။