စစ်ခေါင်းဆောင် အမိန့်ဖြင့် ဒေသစာရီကြွချီပူဇော်ပွဲ ပြန်လည်ကျင်းပမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပူခေါ်ပွဲအား ယခင်ကျင်းပသည့် နေ့ရက်အတိုင်း ပြန်လည်ကျင်းပမည်ဟု အစည်းအဝေးတစ်ရပ် ကျင်းပပြီး ဆုံးဖြတ်လိုက် ကြသည်။
အဆိုပါ အစည်းအဝေးကို ဩဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ထိုကဲ့သို့ ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။
ဖောင်တော်ဦးဘုရား ဈေးသည်တစ်ဦးက “ဒီနှစ်ကတော့ လုပ်ဖြစ်ရင် ဒေသခံဆွဲလှေတွေ တော်တော်နည်းကြမှာ။ စစ်မှုထမ်းဥပဒေနဲ့ လူငယ်တွေက တောထဲ၊ တောင်ထဲရောက်၊ နိုင်ငံခြားတွေရောက်နဲ့။ အဝေးကလည်း ဘယ်လာနိုင်ကြမလဲ စစ်တွေဖြစ်နေတာ။ နိုင်ငံခြားသား ပိုဆိုးပေါ့” ဟု ပြောသည်။
ဖောင်တော်ဦး ဘုရားပွဲတော်အား ဩဂုတ်လ ၁၆ ရက်နေ့တွင် အင်လေးသံဃာတော် နာယကများ၊ ဘုရားလူကြီး များနှင့် ဂေါဗကအဖွဲ့မှ ယခုနှစ်အတွင်း မကျင်းပရန် ဆုံးဖြတ်ခဲ့သော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိအားပေးမှုကြောင့် ဆုံးဖြတ်ချက်အား ပြန်လည် ပြင်ဆင်လိုက်ကြခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင် ဦးစီးကျင်းပမည့် ပွဲအား လုံခြုံရေး အခြေအနေအရ ဒေသခံများမှ ပူးပေါင်းပါဝင်ရန် ဆန္ဒ မရှိကြသော်လည်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA)မှ လုံခြုံရေး ယူပေးမည်ဟု ဆိုသည်။
ဖောင်တော်ဦးဘုရားအနီး သာလေးကျေးရွာတွင် နေထိုင်သူ တစ်ဦးက “ဂေါဗကဆိုတာ ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိရတယ်။ စစ်တပ်က ပြောတဲ့အတိုင်း လိုက်လုပ်ရင် သူတို့ ခိုင်းစားနေတဲ့ ရဲတွေနဲ့ တူတူပဲ။ ကျမတို့တော့ သွားဖို့ မရှိဘူး။ သွားတဲ့လူတွေလည်း သတိထားကြပေါ့” ဟု ပြောသည်။
ဒေသစာရီ ကြွချီပူဇော်ပွဲတော်အား COVID 19 ကပ်ရောဂါဘေးနှင့် စစ်အာဏာသိမ်းမှု ဂယက်များကြောင့် ၂၀၂၀ ခုနှစ်မှ စတင်၍ ၂၀၂၂ ခုနှစ်အထိ ၃ နှစ်ကြာ ရပ်ဆိုင်းခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် စစ်ခေါင်းဆောင် ကိုယ်တိုင် ဦးစီး၍ ပြန်လည် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် ဒေသစာရီ ကြွချီပူဇော်ပွဲအား သီတင်းကျွတ်လဆန်း ၁ ရက်နေ့ (အောက်တိုဘာလ ၃ ရက်နေ့) တွင် ဖောင်တော်ဦးမှ ထွက်ခွါ၍ အင်းလေးဒေသ ၁၃ ဌာနသို့ ကြွချီ အပူဇော်ခံမည်ဖြစ်ပြီး သီတင်းကျွတ် လဆုတ် ၃ ရက် (အောက်တိုဘာလ ၂၀ ရက်နေ့) တွင် ရတနာစံကျောင်းတော်သို့ ပြန်လည်ဆိုက်ရောက်ကာ ပွဲတော်ပြီးဆုံး မည် ဖြစ်သည်။