သဲ/ကျောက် လှေ လုပ်သားများကို စစ်တပ်က ဖမ်းဆီး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။

တနင်္သာရီမြို့နယ် ကော့မပြင်းကျေးရွာတွင် လှေဆိပ်အရှေ့က ဖြတ်သန်းသွားလာသည့် သဲ/ကျောက်လှေ အလုပ်သမား အချို့ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့သည်ဟု ရွာသားများက ပြောသည်။

ကော့မပြင်းကျေးရွာ လှေဆိပ်မှာရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့က လှေဆိပ်အရှေ့မှ ဖြတ်မောင်းသည့် သဲ/ကျောက်တင် လှေ ၃ စီးကို ဩဂုတ်လ ၃၁ ရက်နေ့က ကမ်းသို့ကပ်ခိုင်းပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ကျောက်တင်လှေ ၃ စီးပေါ်တွင် ပါလာသည့် လှေလုပ်သား ၉ ဦးအားကို စစ်ဆေးပြီးနောက် အောက်ကင်း ကျေးရွာ အခြေစိုက် ခမရ – ၅၅၇ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ရွာသားတစ်ဦးက ဆိုသည်။

အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “အဖမ်းခံရတဲ့လှေတွေက မြိတ်ဘက်က ဆင်းလာတာဆိုတော့ မသိဘဲ ဖြတ်ပြီး သွားလာကြတာ။ ရွာခံတွေကတော့ လှေဆိပ်မှာ စစ်တပ်ရောက်နေကတည်းက အဲ့ဒီဘက်ကို မသွားကြ တော့ဘူး” ဟု ပြောသည်။

ဖမ်းဆီးခံရသူ လှေလုပ်သားမျာ အထဲတွင် မြိတ်မြို့ခံ အမျိုးသား ၆ ဦးနှင့် အနောက်သာရဖုံကျေးရွာမှ ရွာခံ အမျိုးသား ၃ ဦးတို့ ပါဝင်သည်။

စစ်တပ်က ဖမ်းဆီးသွားသူ သဲ/ကျောက် လှေလုပ်သားများမှာ အသက် ၂၀ နှစ် မှ အသက် ၃၀ နှစ် ဝန်းကျင်ကြား အရွယ်များ ဖြစ်ကြသည်။

သဲ/ကျောက် လှေအလုပ်သမားများကို ဖမ်းဆီးသွားပြီး နောက်တစ်နေ့ဖြစ်သည့် စက်တင်ဘာလ ၁ ရက်နေ့တွင် လှေပိုင်ရှင် ဖြစ်သူများက ခမရ – ၅၅၇ တပ်ရင်းကို လိုက်သွားပြီး လှေလုပ်သားများကို လွှတ်ပေးရန်အတွက် ငွေကြေးပေး၍ ပြောဆိုခဲ့သော်လည်း စစ်ကောင်စီက လွှတ်မပေးခဲ့သေးဘူးဟု ကော့မပြင်းကျေးရွာသားများက ပြောသည်။

လက်ရှိတွင် ကော့မပြင်းကျေးရွာရှိ လှေဆိပ်တွင် ရပ်နားထားသည့် ကျောက်တင်လှေ ၃ စီးကို စစ်ကောင်စီတပ်ဖွဲ့ က တနင်္သာရီမြို့ဘက်သို့ မောင်းနှင်သွားပြီ ဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့သည့် ကော့မပြင်းကျေးရွာနှင့် အောက်ကင်းကျေးရွာတို့သည် ရွာချင်း ထိစပ်လျက် ရှိနေပြီး ကော့မပြင်းကျေးရွာ လှေဆိပ်တွင် ယခုကဲ့သို့မျိုး စစ်ဆေးမှုများ ပြုလုပ်လေ့မရှိဘဲ ရှောင်တခင် စစ်ဆေး သည့် ပုံစံဖြစ်ကြောင်း ရွာသားများက ပြောသည်။