သေနတ်ဒဏ်ရာဖြင့် ဆေးကုနေသူကို စစ်ကောင်စီက ဖမ်းဆီး။

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။

မြိတ်မြို့နယ်၊ တောတန်းကျေးရွာ လမ်းမကြီးတွင် ယာယီဂိတ်ချ စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့မှ သေနတ် ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိပြီး ဆေးရုံတက်နေရသူ အမျိုးသားကို စစ်တပ်က ဖမ်းဆီးသွားသည်ဟု အဖမ်းခံရသူနှင့် ဆွေမျိုးတော်စပ်သူများက ပြောသည်။

မြိတ်မြို့နယ်၊ တောင်းရှည်ကျေးရွာမှ အသက် ၃၀ နှစ်အရွယ် ကိုနောင်ချိန် ဆိုသူကို ဩဂုတ်လ ၃၀ ရက်နေ့ မွန်း လွဲပိုင်း အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ဂိတ်ချစစ်ဆေးနေစဥ် ဆိုင်ကယ် ပြန်လှည့်ခဲ့ခြင်းကြောင့် ပစ်ခတ်ခံရ ခြင်း ဖြစ်သည်။

တောင်းရှည်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ကိုနောင်ချိန်ကို စက်တင်ဘာ ၁ ရက်နေ့တွင် လာရောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

အသက် ၄၀ နှစ်အရွယ် တောင်းရှည်ရွာသားတစ်ဦးက “ပစ်လိုက်တာက ပြန်လှည့်ပြေးလို့ ပစ်လိုက်တာပါပဲ။ အခု ဖမ်းတဲ့အချိန် ပြောတာကတော့ ဆိုင်ကယ်ထဲမှာ မူးယစ်ဆေးဝါးတွေ့လို့ လာဖမ်းတယ်လို့ ပြောတယ်” ဟု ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ကိုနောင်ချိန်၏ ခြေသလုံးနှင့် ပေါင်နေရာတို့တွင် ရှပ်ထိဒဏ်ရာများ ရရှိခဲ့ပြီး နောက်ကျော တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း နီးစပ်သူ တစ်ဦးက ပြောသည်။

သေနတ် ဒဏ်ရာများနှင့် ဆေးကုသမှု ခံယူနေရသူ ကိုနောင်ချိန်ကို မြိတ်မြို့ပြည်သူ့ဆေးရုံကြီးရှိ အချုပ်သား ကုသဆောင်သို့ ရွှေ့ပြောင်းထားသည်ဟု  မိသားစုဝင်တစ်ဦးက ဆိုသည်။ 

ဩဂုတ် ၃၀ ရက်နေ့က ဇဝဲကျေးရွာ အခြေစိုက် ခမရ – ၅၅၆ တပ်ရင်းသို့ စစ်ကောင်စီ ရိက္ခာကားများ သွားလာ နေခြင်းကြောင့် မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာမှ တောတန်းကျေးရွာအထိ လမ်းတစ်လျှောက်ကို လုံခြုံရေး တိုးမြင့်ထားခဲ့ခြင်း ဖြစ်ကြောင်း တောတန်းရွာသားများက ပြောသည်။

ယာယီ ဂိတ်ချစစ်ဆေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့က ကိုနောင်ချိန်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ဖြတ် သန်းသွားလာသူ ရွာသားတစ်ဦးကိုလည်း မချေမငံ ပြန်ပြောသည်ဟု ဆိုကာ ရိုက်နှက်စစ်ဆေးခဲ့သေး ကြောင်း ရွာသားများက ပြောသည်။