ကော့သောင်းတွင် စစ်မှုထမ်းဥပဒေ အကျုံးဝင်သူများကို နယ်စပ်ဖြတ်ကျော်ခွင့်ပိတ်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။
ကော့သောင်းမြို့ နယ်စပ်ဂိတ်တွင် ထိုင်းနိုင်ငံသို့ သွားမည့် အခြားနေရာဒေသ၊ မြို့နယ်များမှ ခရီးသွားလာမည့် သူများအား စစ်မှုထမ်းဥပဒေဖြင့် အကျုံးဝင်သူ အမျိုးသားများကို စစ်ကောင်စီက နယ်စပ်ဖြတ်သန်း သွားလာခွင့် ပိတ်လိုက်ပြီဟု မြို့ခံများက ပြောသည်။
စစ်မှုထမ်းရန်အတွက် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အရွယ် အမျိုးသားများကို စက်တင် ဘာလ ၂ ရက်နေ့မှ စတင်၍ ကော့သောင်းနယ်စပ်ဂိတ်မှ တဆင့် ထိုင်းနိုင်ငံကို ဖြတ်ကျော်ခွင့်အား စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာက ကန့်သတ်ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
ရွှေစင်ရော်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက “စစ်မှုထမ်းဖို့ အသက် အကျုံးဝင်တဲ့ အမျိုးသားတွေကို စစ်ကောင် စီက နည်းလမ်းပေါင်းစုံနဲ့ ကန့်သတ် ပိတ်ပင်နေတာပါ၊ ကော့သောင်းက လွဲပြီး တခြားဒေသဘက်က လာတဲ့ သူတွေကို စစ်မှုထမ်းဥပဒေနဲ့ ပေးမထွက်တော့ဘူး” ဟု ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများက ကန့်သတ် ပိတ်ပင်ထားသည့် စစ်မှုထမ်းအကျုံးဝင်သူ အမျိုးသားများမှ အပ ကော့သောင်း မှတ်ပုံတင် ကိုင်ဆောင်ထားသူ အမျိုးသားများနှင့် အနယ်နယ်အရပ်ရပ်မှ အမျိုးသမီးများကိုမူ သွားလာ ဖြတ်သန်းခွင့် ပေးထားသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။
ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော်ခွင့် ကန့်သတ်ပိတ်ပင် လိုက်သည့်အတွက်အခြားမြို့နယ် အသီးသီးမှ ကော့သောင်း နယ်စပ်ဂိတ်ကို ဖြတ်ပြီး အလုပ်နှင့် ခရီးသွားလာသူများ၊ ထိုင်းကိုဖြတ်ပြီး သွားလာနေကြ သူများအတွက် အခက်တွေ့ လာစေနိုင်သည်ဟု ဆိုကြသည်။
ယခင်က ဆိုလျှင် နယ်စပ်ဂိတ်မှ ၇ ရက် သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် – TBP၊ ၂ နှစ် သက်တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် – BP၊ အလည်အပတ် ပတ်စပို့စ် – PV နှင့် အလုပ်အကိုင် ပတ်စပို့စ် – PJ အမျိုးအစား စာအုပ်များဖြင့် ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ဖြတ်သန်းခွင့်ပြုထားသည်။
ကော့သောင်းမြို့မှ ရနောင်းမြို့ကို ပြန်ဝင်လို့ မရသောကြောင့် အလုပ်ကိစ္စနှင့် ပတ်သက်ပြီး ထိခိုက်မှုများ ရှိလာ နိုင်ကြောင်း မြိတ်မြို့မှ ရေလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
စစ်ကောင်စီက လူငယ်အမျိုးသားများကို စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အကြောင်းအရင်းမရှိ ပြည်ပထွက်ခွာခွင့် ပိတ်လာခဲ့သည့်အပြင် နေအိမ်များအတွင်း ပေါ်တာဝင်ဆွဲခြင်းများ လုပ်နေသည်။
ထို့အပြင် ထိုင်းနိုင်ငံမှ တဆင့် ကော့သောင်း နယ်စပ်သို့ နေရပ်ကို ပို့ဆောင်ခံရသည့် အမျိုးသားများအားလည်း အတင်းအဓမ္မ စစ်သားသစ် စုဆောင်းလာခြင်းများ ပြုလုပ်လာနေသည်ဟု ပြည်သူများက ပြောသည်။