ရေတာရှည်တွင် ငွေပေးပြီး စစ်မှုထမ်းကင်းလွှတ်နေသည့် သူများအား ထပ်မံဖမ်းဆီးနေ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ဗိုလ်မှူးသန့်ဇင်ဝေ ဦးဆောင်ပြီး စစ်မှုထမ်း ကင်းလွှတ်ရန် ငွေပေးထားသည့် သူများအား ပြေစာပြခိုင်းကာ ထပ်မံဖမ်းဆီးနေကြောင်း ရေတာရှည်မြို့ခံများက ပြောသည်။

ရေတာရှည်မြို့မှ ဝန်ထမ်းတစ်ဦးက “အပတ်စဉ် ၃ မှာ တစ်မြို့နယ်လုံး ငွေခွဲပြီး လူစားထိုးတယ်။ အပတ်စဉ် ၅ ကြတော့ ပေးထားတဲ့ အုပ်စုက လူတွေကိုလည်း ခေါ်ပါတယ်။ ပြည်သူ့စစ်မူထမ်း သူကိုငွေပေးတဲ့ လူကို ပြန်ခေါ်လာ ပြီးပြေး စာရင်းပြ နောက်ထပ်ဖမ်းတာပါ” ဟု ပြောသည်။

ထိုသို့ဖမ်းနေရခြင်းမှာ ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဥက္ကာသန်းဆိုသူနှင့် အပေါင်းအပါများ ဖြစ်ကြပြီး အချင်းချင်းကြား စစ်မှုထမ်းရှောင် ကင်းလွှတ်ခွင့်အတွက် ကောက်ခံထားသည့် ငွေကြေးများ ဝေစားမျှစား မတည့်မှုကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “မြို့နယ်အဖွဲ့ဝင် ဗိုလ်မှူးက မြို့နယ်အုပ်ချုပ်ရေးမှူး အိမ်ရှေ့ အော် ဆဲနေလေရဲ့။ အဝေမတည့်လို့ မြို့အုပ်ကသိန်း ၃ ထောင်ကျော်တန် အိမ်ဆောက်။ သူ့မိန်းမက သိန်း ၈၀ တန် ဆိုင်ကယ် သိန်းထောင်တန်ကားနဲ့ ဆိုပြီး အဝေမတည့်လို့ ဆဲနေကြ။ စစ်သားစု အလှဲအလှယ်ကိစ္စပေါ့” ဟု ပြောသည်။

ရေတာရှည်မြို့နယ်တွင် စစ်မှုမထမ်းရရေးအတွက် တစ်ဦးလျှင် ငွေကျပ်သိန်း ၂၅ ထိ ပေးနေရပြီး ဖမ်းဆီးခံရ သည့် သူများအား ရွေးယူပါက ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၉၀ အထိ ပေးပြီး ရွေးရကြောင်း ဝန်ထမ်း အသိုင်း အဝန်းထံမှ သိရသည်။

ရေတာရှည်မြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၅ အထိ လူသစ်စုဆောင်းနေပြီး အပတ်စဉ် ၄ အထိ သင်တန်းပေး နေသလို ပထမအသုတ်တွင် လူဦးရေ အယောက် ၃၀၀ ဝန်းကျင် ထိတက်ရောက်ခဲ့သည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူများက ပြောသည်။

အပတ်စဉ် ၁ တွင် စစ်ကောင်စီ ထောက်ခံသူ သားသမီးအများစု ပါဝင်ခဲ့ပြီး၊ အပတ်စဉ် ၂ တွင် မဲစနစ်ဖြင့် ရွေးချယ်ကာ အပတ်စဉ် ၃ မှ စတင်ပြီး ဖမ်းဆီးခြင်းများလုပ်ပြီး လူသစ်စုဆောင်းနေကြသည်။

စစ်တပ်နှင့် နီးစပ်သူတစ်ဦးက “ပထမအပတ်စဉ်မှာ မဘသနဲ့ စစ်မှုထမ်း သားသမီးတွေ ရှေ့တန်းက မထွက်ရဘူး ဆိုလို့ ကိုယ့်သဘောနဲ့ ကိုယ် စစ်ထဲဝင်ပြီး အပတ်စဉ် ၂ ကစပြီး ကျေးရွာ ရပ်ကွက်အလိုက် အချိုးကျ လူခွဲတယ်။ နောက်တော့ မြစ်တံတားနဲ့ ဆိုင်ကယ်ဖမ်းတယ် ဆိုပြီး လူစွဲပါတယ်။ အပတ်စဉ် ၅ ထိစွဲပြီး၊ အခု အပတ်စဉ် ၆ အတွက် လူစွဲဖို့ ထပ်လုပ်နေကြတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ဖော်ဆောင်ရေးအား မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အဓိက အကောင်အထည်ဖော် ဆောင်ရွက်ရပြီး ငွေကြေးကောက်ခံခြင်းများကိုလည်း ၎င်းတို့က လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ထို့နောက် ဇွန်လမှစတင်ကာ ရေတာရှည်မြို့တွင် ၁ အိမ်လျှင် ငွေ ၅၀,၀၀၀ ကျပ်ထိ လိုက်လံကောက်ခံနေပြီး

စစ်မှုထမ်း အကျုံးဝင်သည့် အမျိုးသားမရှိသော နေအိမ်များအား ထောက်ပံ့ကြေးအနေဖြင့် ၁ လလျှင် ၃၀,၀၀၀ ကျပ် ပေးဆောင်ရသည်ဟု ဒေသခံများက ပြောသည်။

ရေတာရှည်မြို့သည် နေပြည်တော်မြို့နှင့် မိုင် ၅၀ အကွာတွင် တည်ရှိပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီ တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မြို့နယ်အတွင်းရှိ ပိတောက်ကုန်း၊ ရှမ်းစု နှင့် စည်ပိုင်းကျေးရွာတို့မှ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ၁၀ နှစ်အရွယ် ကလေး ၂ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့သည်။

ဓါတ်ပုံ – ပုံဟောင်း (Crd- MOI-Gov)