စစ်ဘေးရှောင် ကျေးရွာကို ပအိုဝ်းပြည်သူ့စစ် မီးရှို့ဖျက်ဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။
ပြည်သူများ စစ်ဘေးရှောင်နေကြရသည့် ကျေးရွာကို ပအိုဝ်းပြည်သူ့စစ်က မီးရှို့ဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းများ ယူသွားသည်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့အနီး၊ လွယ်လုံကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အဖိုးတန်ပစ္စည်းများ ယူဆောင်သွားသည်ဟု အနီးဝန်းကျင် ကျေးရွာအချို့မှ ဒေသခံများက ပြောသည်။
ရွာလုံးကျွတ် စစ်ဘေးရှောင် နေရသောကြောင့် လူသူကင်းမဲ့နေသည့် လွယ်လုံကျေးရွာအား ဩဂုတ်လ ၂ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် စစ်ကောင်စီလက်အောက်ခံ PNA တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်ကို သိသော အနီးနား အခြားကျေးရွာနေ ဒေသခံတစ်ဦးက “အဲ့ရွာက လူမရှိတာကြာပြီ။ PNO တွေ တပ်စွဲ ထားတာလေ။ အခု သူတို့ မီးရှို့ပြီဆိုတော့ တပ်ပြန်ရွှေ့ပြီထင်တယ်။ အိမ်တွေ ဘယ်လောက်လောင်လဲ မသိဘူး။ မီးခိုးအလုံးကြီးလိုက် တက်လာတယ်။ ကျနော်တို့ ရွာအထိ ညှော်နှံ့ရတယ်” ဟု ပြောသည်။
လွယ်လုံကျေးရွာမှ ထွက်လာသည့် မီးတောက်များသည် ထိုနေ့ ည ၈ နာရီကျော်အချိန်ခန့်မှ ငြိမ်သက်သွားခဲ့ပြီး လတ်တလောတွင် ကျေးရွာထဲသို့ ဝင်၍မရသေးသဖြင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကိုမူ မသိရသေးဘူးဟု ဆိုသည်။
စံကားမြို့အနီးရှိ လွယ်လုံကျေးရွာ အပါအဝင် ကုန်းသာ၊ ဆည်ခေါင်း၊ နန်းပွန် စသည့် ကျေးရွာများမှ ဒေသခံများ သည် ဇူလိုင်လ ၁၉ ရက်နေ့က လွယ်လုံစစ်ဆေးရေးဂိတ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲပြီးချိန်ကတည်းက တိမ်းရှောင်နေရခြင်း ဖြစ်သည်။
ပင်လောင်းမြို့နယ်တွင် တိမ်းရှောင်နေသည့် လွယ်လုံကျေးရွာနေ စစ်ဘေးရှောင် တစ်ဦးက “ကျမတို့ ပြန်ရောက် ရင်တောင် အိမ်တွေက မရှိနိုင်တော့ဘူးဆိုတော့ စိတ်လျှော့ထားရတာပေါ့လေ။ အိမ်တစ်လုံးရဖို့ မလွယ်ပေမယ့် ဒါကတစ်ရွာလုံးဆိုတော့ မတတ်နိုင်ဘူးလေနော်။ သားတွေ စစ်မှုထမ်းမပါတာပဲ ကံကောင်းနေပြီ” ဟု ပြော သည်။
ဇူလိုင်လ ၁၇ ရက်နေ့ကလည်း လွယ်လုံကျေးရွာမှ စစ်ဘေးရှောင်လာလာသည့် အမျိုးသား ၇ ဦးအား PNA အဖွဲ့ က PDF များနှင့် ဆက်စပ်မှုရှိသည်ဟုစွပ်စွဲကာ ဖမ်းဆီးခဲ့ပြီးနောက် အသက် ၆၀ ကျော်အရွယ် ဦးဆောင် ဆိုသူကို သတ်ဖြတ်ခဲ့သည်။
ထို့အပြင် ကျန် ၆ ဦးထံမှလည်း ဖုန်း ၆ လုံးနှင့် ဆိုင်ကယ် ၄ စီးအား သိမ်းဆည်းခဲ့ပြီး တစ်ဦးကို ငွေကျပ်သိန်း ၂၀ စုစုပေါင်း ကျပ်သိန်း ၁၂၀ ဖြင့် မိသားစုဝင်များအား ပြန်ရွေးခိုင်းခဲ့သည်။