ထီးချိုင့် မြို့နယ်အတွင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၉ ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။ 

တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ထီးချိုင့်မြို့နယ်ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သား ၉ ဦးသေဆုံးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်ထဲက တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မောင်းကုန်း ကျေးရွာ လေကြောင်းမှ တိုက်ခိုက်ခံရမှုတွင် အရပ်သား ၉ ဦး သေဆုံးခဲ့ရသည်ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူက ပြောသည်။

ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူက မောင်းကုန်းရွာဈေး အနီးရှိ ပိပိရိရိ စားသောက်ဆိုင် ရှေ့နဲ့ ဂရိတ်ဝေါဝေမာ သကြားစက် ဂိတ်ပေါက်ရှေ့နား ၂ နေရာကို ဗုံးသီး ကျရောက် ပေါက်ကွဲခဲ့တာပါ။ ပိပိရိရိ ဆိုင်ရှေ့ကျတဲ့ ဗုံးသီးက ဆီပေပါတင်ထားတဲ့ ကားပေါ် ပေါက်ကွဲလို့ အဲ့နားက အရပ်သား ၉ ယောက် သေဆုံးခဲ့ရ တာ ဟု ပြောသည်။

မိတ္ထီလာမြို့မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် မောင်းကုန်းကျေးရွာရှိ ဈေးအနီးတစ်ဝိုက်ကို စက်တင် ဘာလ ၁ ရက်နေ့၊ ညနေပိုင်း ၃ နာရီဝန်းကျင်အချိန်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို လေကြောင်းတိုက်ခိုက်မှုထဲ နေအိမ်နှင့် အဆောက်အအုံအချို့လည်း ထိမှန်ပျက်စီးခဲ့ပြီး နောက်ထပ် အရပ် သား ၁၀ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။

လေကြောင်း တိုက်ခိုက်ခံခဲ့ရသည့် နေရာသည် ဒေသခံအရပ်သားများ ဈေးရောင်းချသော နေရာဖြစ်ပြီး တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိသည့် နေရာဖြစ်သည်။ စစ်ကောင်စီတပ်က အရပ်သားများ နေထိုင်သည့် နေရာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ထီးချိုင့်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဆိုသည်။

ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာ လေကြောင်း တိုက်ခိုက်ခံရသည့် ဖြစ်စဥ်ကြောင့် လက်ရှိတွင် ဒေသခံများ ဘေးလွှတ်နိုင်မည့် နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး သတိပြုနေထိုင်ကြဖို့ကိုလည်း တော်လှန်ရေး အင်အားစုများက သတိပေးထားသည်။

Tigyaing Revolution TR အဖွဲ့ တာဝန်ရှိသူက လေကြောင်း အန္တရာယ်ဟာ ဒီကာလမှာ အထူးသတိပြုဖို့ မောင်းကုန်း ဖြစ်ရပ်က ခေါင်းလောင်းထိုးလာပါပြီ။ ပြည်သူတွေဟာ ပေါ့ပေါ့ဆဆ နေမိနေကြပြီး လေယာဥ်ကို မော့ကြည့်မိနေကြဆဲပါ။ ဒါ့ကြောင့် လေယာဥ်လာရင် အတတ်နိုင်ဆုံး ဂရုပြု နေထိုင်ကြဖို့နဲ့ တိမ်းရှောင်ဖို့ မမေ့ ကြဖို့ သတိပေးချင်ပါတယ်။ လက်တလော ဒေသခံတွေကတော့ ရှောင်နေတာမျိုးတွေ ရှိပါတယ် ဟု ဆိုသည်။

လေကြောင်း တိုက်ခိုက်ခံခဲ့ရသည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ဧရာဝတီမြစ်ကြောင်းကို အသုံးပြုပြီး မန္တလေးတိုင်း၊ ဂေါဝန်ဆိပ်ကမ်းမှ ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောအချို့ ပစ်ခတ် တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

အလားတူ လေကြောင်းမှ တိုက်ခိုက်ခြင်းခံခဲ့ရသော မောင်းကုန်းကျေးရွာတွင် ရှိသည့် တရုတ်ပိုင် နီကယ် စက် ရုံကို တော်လှန်ရေး အင်အားစုများက ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်တွင် သိမ်းပိုက်ခဲ့ပြီး မောင်းကုန်း ကျေးရွာကိုလည်း ထိန်းချုပ်ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယအပတ်မှ စတင်ကာ စစ်ကိုင်းနှင့် ကချင်အစပ်က နေရာများဖြစ်သည့် ထီးချိုင့်၊ အင်းတော် နှင့် ပင်လည်ဘူး ဒေသတို့ကို သိမ်းပိုက်နိုင်ရန်အတွက် ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နှင့် NUG လက်အောက်ခံ ကာကွယ်ရေးတပ် များက စစ်ဆင်ရေးများ ဆောင်ရွက်နေကြသည်။