စစ်မှုထမ်းဥပဒေဖြင့် ရှေ့တန်းပို့ခံရသည့် လူငယ်တစ်ဦး ပကဖထံ ပူးပေါင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်။

စစ်ကောင်စီ၏ တပ်သားသစ် စုဆောင်းခံရပြီး ရှေ့တန်းစစ်မျက်နှာပြင်ကို အပို့ခံရသူ လူငယ်တစ်ဦး ထွက်ပြေး လွတ်မြောက်လာပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ခိုလှုံလာသည်ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက် ၅၅၆ တပ်ရင်းအနီး စစ်ကြောင်းထိုး ရောက်ရှိလာသော စစ်ကောင်စီ တပ်သားမင်းခန့် ကိုယ်ပိုင်အမှတ် တ – ၅၈၆၄၂၈ သည် ရှေ့တန်းတစ်‌နေရာမှ ထွက်ပြေး လွတ်မြောက်လာခဲ့ သည်။

၎င်းမှာ စက်တင်ဘာလ ၁ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်က တနင်္သာရီမြို့နယ် – ပကဖဇုန် (၅) သို့ လာရောက် ခိုလှုံခဲ့ခြင်း ဖြစ်သည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “သူက  စစ်ကောင် စီ ဘက်ကို အစကတည်းက ဝင်ဖို့ စိတ်မပါဘူးလို့ ပြောတယ်။ အဓမ္မ ဖမ်းဆီးခံရတာကြောင့် ဖြစ်ပြီး အခုချိန်ထိ လည်း မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဆိုတာကြောင့် အဆက်အသွယ်ရဖို့ ကူညီဆောင်ရွက် ပေးနေ ပါတယ်” ဟု ပြောသည်။

ဘက်ပြောင်းခိုလှုံလာသူ တပ်သားမင်းခန့်သည် ဟင်္သာတမြို့နယ် ဇရပ်ကွင်းအုပ်စုတွင် နေထိုင်သူဖြစ်ပြီး လမ်းခရီးတစ်နေရာတွင် စစ်ကောင်စီတပ်မှ ပေါ်တာဆွဲ အဓမ္မတပ်သား စုဆောင်းခြင်း ခံလိုက်ရသည်။

ထို့နောက် စစ်သင်တန်း အပတ်စဥ် ၂ ကို စကက (၆) ဟင်္သာတတွင် ၆ လအကြာ သင်တန်းတက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် သင်တန်းဆင်းခဲ့ခြင်း ဖြစ်သည်။

နှစ်လနီးပါးအကြာ တာဝန်ထမ်းဆောင်ခဲ့ရပြီးနောက် စစ်ကောင်စီ ၁၀၁ တပ်ရင်းမှ တပ်သားအသစ် အဖြစ် ပို့ဆောင်ခံခဲ့ရကာ တနင်္သာရီမြို့နယ် ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းအနီး စစ်ကြောင်းထိုးလာသည့် အချိန် ရှေ့တန်းတစ်နေရာမှ အခွင့်အရေးရရှိပြီး ထွက်ပြေး လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

ဘက်ပြောင်း ခိုလှုံလာသူ ကိုမင်းခန့်ကဲ့သို့ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရပြီး တပ်သားသစ် စုဆောင်းခံရကာ ရှေ့တန်းသို့ ပို့ဆောင်ခံရသည့် လူငယ်အမျိုးသား အများအပြားလည်း ရှိနေသေးသည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် ပြည်သူ့ စစ်မှုထမ်း ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းခဲ့ပြီး အတင်းအကြပ် စစ်သားစုဆောင်းခြင်းနှင့် ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ စစ်မှုထမ်းအတွက် ပထမအသုတ်၊ ဒုတိယအသုတ်၊ တတိယအသုတ်ဖြင့် အသုတ်လိုက် စစ်သင်တန်းများ တက်ခိုင်းပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့နေခြင်း ဖြစ်သည်။

ထို့အပြင် ထိုင်းနိုင်ငံ၊ ရနောင်းမြို့ဘက်မှ ပြစ်ဒဏ်ကျခံရပြီး မြန်မာနိုင်ငံ၊ ကော့သောင်းဘက်သို့ နေရပ် ပြန်ပို့ခံရ သည့် လူငယ်အမျိုးသားများကို တပ်သားသစ် စုဆောင်းနိုင်ရန် အတွက် အတင်းဖိအားပေး လုပ်ဆောင်ခြင်းများ လည်း တွေ့မြင်နေရသည်ဟု ကော့သောင်းမြို့ခံများက ဆိုသည်။

စစ်ကောင်စီက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ လူငယ်ပိုင်းများကို အဓိက ပစ်မှတ်ထားပြီး လမ်းခရီး၌ ဖမ်းဆီးခြင်း၊ ရပ်ကွက်ကျေးရွာများတွင် ဆင့်ခေါ်ခြင်း၊ မဲဖေါက်ခြင်းနှင့် ပြည်ပထွက်မည့် သူများကို ဖမ်းဆီးခြင်း များ စသည့် အတင်းအကြပ် စစ်သားစုဆောင်းမှုများ ရှိနေသည်။