လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး နှင့် ကလေးငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်။

တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ လယ်တောင်ယာကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး နှင့် ကလေးငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

တနင်္သာရီမြို့ပေါ်တွင် အထိုင်ချထားသည့် စစ်ကောင်စီ တပ်ဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့၊ ည ၇ နာရီခွဲ အချိန် ခန့်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ၅ ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“လယ်တဲထဲမှာ ထမင်းစားပြီး ထိုင်နေတုန်းမှာ ပထမဆုံးပစ်တဲ့ အလုံးထိတာ၊ ပထမဆုံး ပစ်တဲ့ ကျည်ဆိုတော့ ရှောင်ချိန်လည်း မရ ပုန်းချိန်လည်းမရဘူး” ဟု အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက ပြောသည်။

လယ်တောင်ယာကျေးရွာနှင့် အနီးပတ်ဝန်းကျင်တို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ ဒဏ်ရာရကြောင်း ရွာသားတစ်ဦးက ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူ အမျိုးသမီးမှာ ရေကြီးနေသဖြင့် ပျက်စီးဆုံးရှုံးသွားသည့် သူ့မ၏ လယ်ကို ပြန်လည် စိုက်ပျိုးပြီး လယ်တဲအတွင်း အနားယူနေသည့်အချိန် ကျည်စထိမှန် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရသည့် အမျိုးသမီး၏ ဝမ်းဗိုက်တွင် ကျည်စထိမှန်ခဲ့ပြီး အူများ ထိခိုက်ကာ စိုးရိမ်ရသဖြင့် ညတွင်းချင်း တနင်္သာရီဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ထို့နောက် စက်တင်ဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် အူမကြီး အလုပ်မလုပ်တော့ကြောင်း ဆေးစစ်ချက် အဖြေ အရ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသထားရကြောင်းနှင့် ကလေးငယ်တွင်မူ ကျည်စရှပ်ထိ ဒဏ်ရာရရှိခဲ့သည်ဟု ကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။

ဒဏ်ရာရရှိထားသည့် အမျိုးသမီးမှာ ချက်ချင်းဆေးကုသမှု ခံရန်လိုအပ်ခဲ့သော်လည်း  စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ထံမှ ခွင့်ပြုချက် တောင်းခံနေရသည့်အတွက် ဆေးရုံကို နောက်ကျပြီးမှ ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းမှာပင် တနင်္သာရီမြို့နယ်ထဲရှိ ခြောက်မိုင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များမှာ နှစ်ဖက်ကြား ပစ်ခတ်မှုများ ဖြစ်နေကြပြီး စစ်ရေးတင်းမာ နေသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း လယ်တောင်ယာကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ် လေ့ရှိပြီး ရွာသားများ ထိခိုက်သည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးသည်။