ပုသိမ်ရှိ အိုးအိမ်တိုက်ခန်းများကို သတ်မှတ်ဈေးထက် သိန်း ၂၀ ကျော်ပေးပြီး ဝယ်ယူနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်။

ပုသိမ်မြို့၊ အိုးအိမ်ဦးစီးဌာနမှ ဆောက်လုပ်ထားသည့် တန်ဖိုးနည်း/တန်ဖိုးသင့် အထပ်မြင့် တိုက်ခန်းများကို မူလ သတ်မှတ်ထားသည့် ဈေးနှူန်းထက် သိန်း ၂၀ ကျော်ပေးကာ ဝယ်ယူနေရသည်ဟု တိုက်ခန်းဝယ်ယူသူ အချို့ က ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၄ ရပ်ကွက်၊ ဥမ္မာဒန္တီအိမ်ယာရှိ တိုက်ခန်းများကို ယခင်သတ်မှတ်ထားသည့် ဈေးနှူန်းထက် ‌မြေညီထပ်ကို ငွေကျပ် ၂၁ သိန်း၊ အခြားထပ်များကို ငွေကျပ် သိန်း ၂၀ အပိုဆောင်း ပေးပြီး ဝယ်ယူရသည်ဟု တိုက်ခန်းဝယ်ယူခဲ့သူက ပြောသည်။

တိုက်ခန်းဝယ်ယူခဲ့သူ တစ်ဦးက “မြေညီထပ်ကို ဝယ်မယ်ဆိုရင် သတ်မှတ်ရောင်းဈေး သိန်း ၁၂၀ အပြင် ၂၁ သိန်း ပို‌ပေးရမယ်။ တခြားအထပ်က ဆိုရင် သိန်း ၂၀ ပိုပေးရမယ် ပြောတယ်။ ပြင်ဆင်စရိတ် အတွက်တဲ့” ဟု ပြော သည်။

ဆက်လက်ပြီး သတ်မှတ်ထားသည့် တိုက်ခန်းတန်ဖိုးငွေကို ဆောက်လုပ်ရေး အိမ်ယာနှင့် အခြေခံ အဆောက် အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank) ပေးသွင်းခဲ့ရသည်ဟု ပြောသည်။

တိုက်ခန်းဝယ်ယူရန် မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနသို့ သွာရောက်မေးမြန်းခဲ့သူ တစ်ဦးက “ဝယ်မယ်ဆို ရင် ငွေပါယူလာခဲ့ အခန်းရွေးလို့ မရဘူး။ ရှိတဲ့အခန်းပဲ ရမယ်။ လျှောက်လွှာ တင်စရာလည်း မလိုဘူး။ အကြွေး လည်း မရောင်းဘူး ဆိုပြီး အဲ့ဒီက ဝန်ထမ်းအမျိုးသမီးက မျက်နှာထား တင်းတင်နဲ့ ပြောတာ” ဟု ပြောသည်။

ယခင်က ဥမ္မာဒန္တီအိမ်ယာ တိုက်ခန်းများကို (CHID BANK) သို့ တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ကနဦး ပေး သွင်း၍ ဘဏ်မှ ချေးငွေ ၇၀ ရာခိုင်နှုန်းရယူကာ လစဉ် အရစ်ကျ အကြွေးစနစ်ဖြင့် ၄ နှစ်မှ ၁၅ အထိ ပေးချေ ဝယ်ယူခဲ့သည်ဟု တိုက်ခန်းအကြွေးဝယ်ယူထားသူ တစ်ဦးက ပြောသည်။

“အရင်က တိုက်တွေ ဆောက်ထားတဲ့ ပုံစံကို မကြိုက်ကြတော့ အရစ်ကျ ရောင်းတာတောင် ဝယ်မယ့်သူရှားခဲ့ တာ။ အခုမှ ခေတ် အခြေအနေအရ အဝယ်လိုက်လာတော့ အိုးအိမ်က ဈေးကိုင်ပြီး လက်ငင်းကိုမှ ဈေးတင်ပြီး ပိုင်ရာဆိုင်ရာတွေကိုမှ ရောင်းပေးတာ ဂွင်ပေါ့။”

ဧရာဝတီတိုင်း အတွင်းသို့ ရှမ်းတောင်နှင့် ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင် ပြည်သူများ ရောက်ရှိလာပြီးနောက် တိုက်ခန်းများ ဝယ်ယူမှု များပြားလာသဖြင့် အိုးအိမ်ဦးစီးဌာနမှ တိုက်ခန်းဈေးကို သိန်း ၂၀ ကျော် ဈေးမြင့်ကာ အရစ်ကျ ရောင်းချခြင်းကို ရပ်ဆိုင်းခဲ့သည်ဟု အိုးအိမ်ဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပုသိမ်မြို့၊ ဥမ္မာဒန္တီအိမ်ယာ တန်ဖိုနည်း/တန်ဖိုးသင့် အရောင်းအိမ်ယာ စီမံကိန်းကို မြို့ပြနှင့် အိမ်ယာ ဖွံ့ဖြိုးရေး ဦးစီးဌာန၏ လှည့်ပတ်ရန်ပုံငွေဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ၈ ခန်းတွဲ၊ ၆ ထပ်တိုက် (၇) လုံး၊ ၆ ခန်းတွဲ ၅ ထပ်တိုက် (၁၀) လုံး၊ ၂ ခန်းတွဲ ၄ ထပ်တိုက် (၅) လုံးတို့ကို တည်ဆောက်ခဲ့သည်။