ဖားကန့်တွင် စစ်ဆေးရေးဂိတ် ၁၀ ခုကျော်ရှိ၍ ကြက်ဥတစ်လုံး ၂၀၀၀ ထိဈေးတက်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်။
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကြက်ဥ တစ်လုံး ကျပ် ၂,၀၀၀ အထိ စျေးတက်သွားသည်ဟု ဖားကန့်ဒေသခံများ က ပြောသည်။
ကြက်ဥ တစ်လုံး ကျပ် ၂,၀၀၀ အထိ စျေးတက်သွားရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ဖားကန့်ဒေသခံ အမျိုးသား တစ်ဦးက ယခုကဲ့သို့ ပြောသည်။
“ဘာကြောင့် ဈေးတွေ အရမ်းတက်သွားတာလည်း ဆိုတော့ ဂိတ်တွေအရမ်း များလို့ပါ။ ဂိတ်တွေကလည်း အခွန်တွေ မတရားကောက်လို့ပါ။ မြစ်ကြီးနားနဲ့ ဖားကန့်ကြားမှာက အနည်းဆုံးက ၁၀ ဂိတ်ကတော့ အနည်း ဆုံး ထင်တာပဲ။ မန္တလေးကနေ ဖားကန့်ထိတော့ ဂိတ်ပေါင်း အများကြီးနေမှာ။ ကုန်ပစ္စည်းတွေကလည်း ဈေးကြီးလွန်းလို့ ဝယ်လည်း မဝယ်နိုင်တော့ဘူး ဝင်လည်းသိပ်မဝင်ဘူး” ဟု ပြောသည်။
ဖားကန့် – မြစ်ကြီးနားမြို့အား ဆက်သွယ်ထားသည့် လမ်းတွင် စစ်ကောင်စီတပ်၊ KIA၊ KPDF စသည့် အဖွဲ့များ၏ စစ်ဆေးရေးဂိတ်များ များလာပြီး အခွန်အကောက်လည်း များစွာပေးဆောင်နေရသည်ဟု ဒေသခံများက ဆို သည်။
ထို့အပြင် ဖားကန့်မြို့တွင် ဇူလိုင်လမှ စတင်ကာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားပြီးနောက် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ မကြာခဏဆိုသလို လမ်းများကို ပိတ်ထားသည်ဟု ဖားကန့်ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
ကြက်ဥ တစ်လုံးလျှင် ၂,၀၀၀ ကျပ်၊ ဓာတ်ဆီတစ်ဂါလံ ကျပ် ၄၀,၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၂၅,၀၀၀၊ ငရုတ်သီးစိမ်း တစ်ပိဿာ ကျပ် ၂၀,၀၀၀၊ စားအုန်းဆီတစ်ပိဿာ ၂၅,၀၀၀ ကျပ်ထိ ဈေးတက်နေကြောင်း ဆိုင်းတောင် ဒေသခံတစ်ဦး က ပြောသည်။
၎င်းက “ဟိုအရင်ကတည်းကပဲ တစ်ပတ်နှစ်ပတ်တောင်ရှိပြီး ဖုန်းလိုင်းမရတာတော့ ဇူလိုင် ကတည်းကနေမရ တာ၊ဆီ ဈေးတက်တာရယ် လမ်းပိတ်တာရယ်ကြောင့်ပါ” ဟု ပြောသည်။
ထိုသို့ ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် အခြေခံ လူတန်းစာများနှင့် ရေမဆေးသမားများမှာ စားဝတ်နေ ရေးအတွက် အခက်ကြုံနေရသည်ဟု ရေမဆေးသမားများနှင့် အလုပ်လုပ်နေသည့် ကျောက်ပွဲစားတစ်ဦး က ပြောသည်။
“အခုချိန်က ရေမဆေးသမားတွေက ကျောက်ခဲကို ရေပြုတ်ပြီး လုပ်သောက်နေတာပါ။ ဒီလိုပဲပါ့ မရှိ ရှိတာ ကြံဖန်ပြီး စားနေရတာပါ့။ တချို့က မဝယ်စားနိုင်တော့ဘူး။ တစ်ရက်လုပ် တစ်ရက်စားတွေက မလွယ်ဘူး။ ခက်ခဲတယ် ကုန်ဈေးနှုန်းက တစ်ရက်နဲ့တစ်ရက် ထိုးတက်နေတာ ကြောက်စရာကြီး။”
ဖားကန့်မြို့သည် အခြေခံ စားသုံးကုန်များအား မန္တလေးမြို့နှင့် မြစ်ကြီးနားမြို့တို့မှ သယ်ယူပို့ဆောင်ကြရသည်။
ဩဂုတ်လ ၁၄ ရက်နေ့တွင်လည်း ဖားကန့် စစ်ကောင်စီ၏ လမောင်ဗျူဟာကုန်းအား KIA နှင့် KPDF ပူးပေါင်း တပ်တို့ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
၎င်းဗျူဟာကုန်းအား သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ဩဂုတ်လအတွင်း လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက် လုပ်နေပြီး လေယာဉ်ဖြင့်လည်း လူအင်အားများ ချပေးနေသည်ဟု ဒေသခံများက ပြောသည်။