နာဂ – ကချင်ပြည်နယ် ကားခ ၆ ဆထိ မြင့်တက်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်။
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သွားသည့် ကားခမှာ ကျပ် ၄၀၀,၀၀၀ ထိ တက်သွားသည်ဟု ဒေသခံများက ပြောသည်။
စစ်အာဏာမသိမ်းမည်က နန်းယွန်း-မြစ်ကြီးနားကြား ကားခမှာ ကျပ် ၇၀,၀၀၀ ဝန်းကျင်သာရှိခဲ့သော်လည်း ယခုနှစ်တွင် ပို၍ဈေး တက်သွားခြင်း ဖြစ်သည်။
နန်းယွန်းမြို့နှင့် မြစ်ကြီးနားကြား ခရီးသွားပါက တစ်နေ့တည်းနှင့် ရောက်သော်လည်း လမ်းများပျက်စီးနေမှု ကြောင့် လမ်းတွင် နှစ်ညအိပ်နေရကြောင်း နန်းယွန်းဒေသခံ ခရီးသွားတစ်ဦးက ပြောသည်။
“မြစ်ကြီးနားနဲ့ တနိုင်းကြားက နှစ်ညအိပ်ရတယ်။ ကားနဲ့လာရင်တော့ သေချာတယ်။ အိပ်ရမယ်။ လမ်းက တော် တော် ဆိုးတယ်။ ကားကြီးတွေလာတော့ တစ်လမ်းလုံး ရွှံ့တောကြီးပဲ လဝါးရွာနား အဆိုးဆုံးပဲ။ လယ်တောသွားတဲ့ လမ်းထက် ဆိုးတယ်။ ကားတွေ ပိတ်မိပြီးတော့ ဘယ်လိုမှ ကျော်လို့ မရဘူး အဲ့လိုဖြစ်နေတယ်” ဟု ဆိုသည်။
နန်းယွန်းမြို့နယ်နှင့် မြစ်ကြီးနားမြို့ကို လီဒိုလမ်းမကြီးမှ သွားရပြီး ထိုခရီးစဉ်တွင် ခရီးသည် တစ်ဦးလျှင် ကားခ ၄၀၀,၀၀၀ ကျော်ထိပေးနေရသောကြောင့် ယခင်ကထက် ၆ ဆခန့် မြင့်တက်သွားခြင်း ဖြစ်သည်ဟု နန်းယွန်းမြို့ ဒေသခံများက ပြောသည်။
နန်းယွန်းမြို့မှ ရှင်ဗွေယန်မြို့အထိ ခရီးသည်တစ်ဦးလျှင် ၁၁၀,၀၀၀ ကျပ်၊ ရှင်ဗွေယန် မှ တနိုင်းမြို့သို့ ကားခ ၉၀,၀၀၀ ကျပ်နှင့် တနိုင်းမှ မြစ်ကြီးနားသို့ ကားခ ၂၀၀,၀၀၀ အထိပေးနေရခြင်း ဖြစ်သည်။
ထို့သို့ကားခများ အဆမတန် ဈေးတက်နေခြင်းမှာ ဆီဈေးများတက်ခြင်း၊ လမ်းများ ပျက်စီးနေခြင်း နှင့် ထိုလမ်း တလျှောက်ရှိ စစ်ဆေးရေးဂိတ်များမှ ငွေကြေးတောင်းခံနေမှုများကြောင့် ဖြစ်သည်ဟု ခရီးသည်များက ပြောသည်။
နာဂဒေသ၊ နန်းယွန်းမြို့နယ်သည် လမ်းခရီး ကြန့်ကြာမှုကြောင့် ကုန်ဈေးနှုန်းများလည်း ပို၍မြင့်တက်နေ ကြောင်း နန်းယွန်းဒေသခံများက ပြောသည်။
နန်းယွန်း ဒေသခံတစ်ဦးက “ဒီနှစ်ကျတော့ ခက်ခဲတာတော့ အကုန်လုံး ခက်ခဲတာပေါ့။ အဓိကတော့ ကုန်ဈေး နှုန်းပေါ့။ ဆီဆိုရင် တစ်လီတာကို ၂၀,၀၀၀ တစ်ဂါလံဆို ၇၀.၀၀၀ ထိ ရောက်သွားတာပေါ့။ အခုက ဝင်ဖို့လမ်း မရှိတော့ဘူး။ ဆက်ပြီး လမ်းတွေ ပျက်သွားတယ်ဆိုရင် ကုန်တွေက ဝယ်မဲ့နေရာတောင် မရှိတော့တဲ့ အခြေ အနေထိ ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။
နန်းယွန်းမြို့တွင် ဓာတ်ဆီ တစ်ဂါလံ ၇၀,၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၂၁၀,၀၀၀ ကျပ်၊ စားဆီ ၂၅,၀၀၀ ကျပ် ထိ မြင့်တက်နေခြင်း ဖြစ်သည်။
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ နန်းယွန်းမြို့နယ်သည် ကချင်ပြည်နယ်နှင့် နီးသည့် ဒေသဖြစ်ပြီး အခြေခံ စားသုံးကုန်နှင့် စက်သုံးဆီများအား မြစ်ကြီးနားဘက်မှ အဓိသယ်ယူ ရသည်။
တနိုင်းမြို့ နှင့် မြစ်ကြီးနားကြားတွင် ယခုနှစ် မိုးတွင်းကာလ၌ ကားလမ်း ပျက်စီးမှုများကြောင့် မကြာခဏ ကုန်ကားများ ရာနှင့်ချီပြီး ပိတ်လျက်ရှိသည်။
ဓါတ်ပုံ – စစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီးဌာန (နန်းယွန်းလမ်းပိုင်းတစ်နေရာ)