ဖားကန့်တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ စစ်ရှောင်နေရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲ ပြင်းထန်နေပြီး ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။

နှစ်ဖက်ကြား တိုက်ပွဲမှာ စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ကာ ဖြစ်ပွားနေပြီး ယနေ့အချိန်ထိ ဆက်လက် ဖြစ်ပွားနေသည်။

ဒေသခံတစ်ဦးက “တိုက်ပွဲတွေ ဖြစ်နေတယ် ညနေ ၁ နာရီကနေ အသံတွေ ကြားနေရတယ်။ ဒီစစ်ကြောင်းက နှစ်ရက် သုံးရက်လောက် ရှိပြီ။ သူတို့ လမ်းဘက်ထွက်လာတာ။ အခုက တိုက်ပွဲ ဖြစ်တဲ့နေရာမှာ အဲ့မှာ သူတို့ ဝင် ထိုင်ဖို့ သွားတဲ့သဘော ရှိတယ်။ အဲ့ဒါကြောင့် အဲ့မှာ လုံးဝထိုင်လို့ မရအောင် ဒီကနေ ခုခံပြီးတော့ ပစ်ခတ် နေတယ်။ အခုထိ အခြေအနေကတော့ တင်းမာနေတုန်းပဲ” ဟု ပြောသည်။

ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ စေတီဘုရားကုန်းသို့ တပ်ဆွဲရန် တက်လာသည့် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ပါသော စစ်ကြောင်းအား KIA က တိုက်ခိုက်ခြင်းဖြစ်ကြောင်း KIA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာအား ဖားကန့်မြို့ ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ကူပေးနေပြီး KIA အနေဖြင့် လည်း ထိုစေတီကုန်းမှနေ၍ ပြန်လည် ပစ်ခတ်မှုများ လုပ်နေသည်။

KIA နှင့် နီးစပ်သူ တစ်ဦးက “တိုက်ပွဲဖြစ်တဲ့ နေရာမှာက သူတို့ ဖားကန့် တပ်မဗျူဟာ ကုန်းကနေ ပစ်ကူပေး နေ တာ ကြားရတယ်။ အခုထိ ပစ်နေတုန်းပဲ၊ အခြေအနေက တစ်နေ့ထက် တစ်နေ့ တင်းမာလာတယ်။ ဒီကုန်းက စခန်းတော့ မဟုတ်ဘူး။ သူတို့ စကစတွေက စွန့်လွှတ်လိုက်ရတဲ့ စခန်းတွေ များတော့ သူတို့ စစ်ရေးအရလား ဘာလားမသိဘူး အဲ့မှာ တက်ထိုင်ဖို့ လုပ်နေတယ်” ဟု ပြောသည်။

တိုက်ပွဲပြင်းထန်နေသည့် နေရာများရှိ ဒေသခံများအား KIA အနေဖြင့် တိမ်းရှောင် ခိုင်းထားပြီး ပြည်သူများ အထိ အခိုက် မရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဘယ်လောက်များလည်းတော့ ကျနော်လည်း မသိရသေးဘူး။ ဒါပေမယ့် အဲ့ပတ်ပတ်လည်က ပြည်သူတွေက ဘေးလွှတ်ရာကို ခဏပြောင်းရွေ့ခိုင်းထားတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဘက်က စစ်ပွဲမဖြစ်ခင် ၁ နာရီ အတွင်း အရင် ဘေးဖယ်ခိုင်းတယ်” ဟု ပြောသည်။

မရှီကထောင် စေတီကုန်းသည် ဖားကန့်မြို့ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး ဥရုချောင်းသာ ခြားထားသည့် နေရာဖြစ်သည်။

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် KIA၊ KPDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သည့် ဖားကန့် လမောင်ဗျူဟာကုန်း နှင့် တောမှော်တပ်စခန်းတို့အား KIA၊ KPDF ပူးပေါင်းတပ် တို့က သိမ်းပိုက်နိုင်ခဲ့သည်။