ခင်ဦးမြို့နယ်တွင် ကျေးရွာ ၁၃ ရွာ မီးရှို့ ဖျက်ဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တွင် တစ်ပတ်ကျော်အတွင်း ရွာပေါင်း ၁၃ ရွာ မီးရှို့ဖျက်ဆီးခံခဲ့ ရသည်ဟု ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်းတွင် ရှိနေသည့် ကျေးရွာများ မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့ကတည်းက စတင်ကာ ယနေ့အချိန်ထိ စစ်ကောင်စီ စစ်ကြောင်း လိုက်လံမီးရှို့နေခြင်းဖြစ်သည်ဟု ခင်ဦးဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အခုလောလောဆယ်ကို စစ်ကြောင်းထိုးနေတယ်။ ရွာသုံးရွာကို မီးရှို့နေတယ် ခင်ဦးရဲ့ မြောက်ဘက်ခြမ်းပေါ့” ဟု ပြောသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ (ယမန်နေ့)တွင် ပေါက်သင့်တုံ၊ ဂျပို့၊ စည်ကုတ္တရာ စသည့် ကျေးရွာ ၃ ရွာကို တစ်ပြိုင်တည်း မီးရှို့ဖျက်ဆီးနေသည်ဟု ခင်ဦးဒေသခံများက ပြောသည်။

စစ်ကြောင်း ထိုးမီးရှို့နေသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှာ အင်အား ၁၃၀ ကျော်ရှိသည့် စစ်ကြောင်းဖြစ်ပြီး စစ်သားအင်အားနည်းပြီး မဒေါင်းလှကျေးရွာမှ ပျူစောထီးတပ်ဖွဲ့ဝင်များ အများဆုံး ပါဝင်သည်ဟု ဒေသခံများ က ပြောသည်။

ထို့အပြင် စစ်ကြောင်းပတ်ထိုးနေသည့် ယခုရက်ပိုင်းအတွင်း ဝေဟင်ကနေလည်း Y 12 အမျိုးအစား လေယာဥ် အပြင် ဒရုန်းများဖြင့် ကင်းပတ်ထောက်လှမ်းခြင်းများလည်း ရှိသည်ဟု ဆိုကြသည်။

မီးရှို့ခံရသည့် ကျေးရွာများသည် မဒေါင်းလှပျူကျေးရွာ၏ ပတ်ပတ်လည်၌ ရှိနေသောကျေးရွာများ ဖြစ်ပြီး နယ်မြေ ရှင်းလင်းရေး ပုံစံဖြင့် ရွာစဥ် စစ်ကြောင်းထိုး မီးရှို့နေခြင်းဖြစ်သည်ဟု ကာကွယ်ရေး တပ်ဖွဲ့များက သုံးသပ်သည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စားနပ်ရိက္ခာ ဖြတ်တဲ့ သဘောပေါ့။ ရွာတွေက ကာကွယ်ရေးတပ်တွေကို ထောက်ပံ့လို့ပေါ့ သူတို့က လွန်ခဲ့တဲ့ နှစ်လလောက် ကတည်းက ကြွေးကြော်ထားတာ ကျနော်တို့လည်း ဒီလောက် မထင်ထားဘူးပေါ့။ နယ်မြေ ရှင်းလင်းရေး ဝင်တဲ့ပုံစံပေါ့” ဟု ပြောသည်။

ငကြိုင်း၊ အင်ကြင်းပင်၊ စောကြီး၊ သနပ်စိန်၊ ဖန်ခါးကုန်း၊ ပေါက်တော၊ နှဲတွင်း၊ ဆီဆုံလေး၊ မဒေါင်း ကြီး နှင့် ရွှေကာကျေးရွာတို့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ယနေ့တွင်လည်း ကျေးရွာ ၃ ရွာကို ထပ်မံမီးရှို့ ဖျက်ဆီးနေကြသည်။

ထိုကျေးရွာများမှာ အိမ်ခြေ ၁၈၀ ဝန်းကျင်ခန့်ရှိသည့် ကျေးရွာငယ်များ ဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီ နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းက စစ်ရေးလှုပ်ရှား နေသေးသည့် အတွက် နေအိမ်မည်မျှ မီးရှို့ဖျက်ဆီးခံရ သည်ကို ကာကွယ်ရေးတပ်တွေဘက်က အတည်မပြုနိုင်သေးပေ။

အလားတူ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများ အပါအဝင် အနီးတစ်ဝှိုက်တွင် ရှိသည့် ကျေးရွာစုစုပေါင်း ၁၅ ရွာ က အရပ် သား ၁ သောင်းခွဲခန့်မှာ ဘေးလွှတ်နိုင်သည့် နေရာများတွင် ထွက်ပြေး တိမ်းရှောင်နေကြရသည်။

မီးရှို့ဖျက်ဆီးခံနေရသည့် ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်းသည် ဘုန်းကြီးဦးဝါသဝ ဦးဆောင်သည့် ပျူစောထီး များ အားကောင်းသည့် ကန့်ဘလူမြို့နယ်နှင့် ထိစပ်နေပြီး မဒေါင်းလှပျူကျေးရွာသည်လည်း ဘုန်းကြီးဦးဝါသဝ လက်အောက်ခံ ပျူစောထီးများ ဖြစ်သည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “မဒေါင်းလှက ပျူတွေက ဦးဝါသဝအောက်က သူတွေပဲ ကန့်ဘလူနဲ့ကလည်း ချုပ်ရိုးကိုဗျ။ မဒေါင်းလှဆိုတာက ကန့်ဘလူနဲ့လည်း နီးတယ်။ ဒီဘက် ခင်ဦးဘက်လည်း နီးတယ်။ ဒါ့ကြောင့် အရေးကြီးတဲ့နေရာပေါ့” ဟု ပြောသည်။

ခင်ဦးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီ ပူးပေါင်းအဖွဲ့က စစ်ကြောင်းပတ် မထိုးခင် ဩဂုတ်လ နောက်ဆုံးအပတ်တွင် ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် မဒေါင်းလှပျူကျေးရွာကို တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင် စီ ဘက်က လေကြောင်းသုံး ခုခံလာသည့်အတွက် နောက်ဆုတ်ခဲ့ရသေးသည်။

မြန်မာနိုင်ငံတစ်ဝှမ်း စစ်တပ်က အာဏာသိမ်းပြီးသည့်နောက် ၃ နှစ်ကျော်ကာလ အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သား နေအိမ်ပေါင်း ၁ သိန်းကျော် ပျက်ဆီး ခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဒေသ ဖြစ်သည်ဟု Data For Myanmar အဖွဲ့က ထုတ်ပြန် ထားသည်။