ဖားကန့်ဒေသတွင် KIA အုပ်ချုပ်ရေး အဖွဲ့ဝင် နှစ်ဦးနှင့် အရပ်သား ၄၁ ဦးအား စစ်ကောင်စီ ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် စစ်ကောင်စီတပ်က KIA အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးနှင့် အရပ်သား ၄၁ ဦးအား ဖမ်းဆီးထားသည်။
စက်တင်ဘာလ ၉ ရက်နေ့က ဖမ်းဆီးထားခြင်း ဖြစ်ပြီး ဖမ်းဆီးခံထားရသည့် အခြေအနေကို ဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။
၎င်းက “အခြေအနေ အရမ်းဆိုးလို့ ပြည်သူတွေ အကုန်လုံး ဖယ်ခိုင်းနေပြီး ဒီည ၆ နာရီကနေစပြီး စပစ်မယ်လို့ ကြားနေရတယ်။ ပြည်သူ အယောက် ၄၀ ကျော်လောက်ကို ဖမ်းထားတယ်။ KIA က အုပ်ချုပ်ရေးက တစ်ယောက် နှစ်ယောက် ပါတယ်လို့ကြားတယ်” ဟု ပြောသည်။
ဆိုင်းတောင်တွင် တိုက်ပွဲ ဖြစ်ပွားလာမည် ဖြစ်သောကြောင့် KIA က ဒေသခံပြည်သူများအား တိမ်းရှောင် ခိုင်းရာတွင် Lucky Men Hotel ထဲရှိ ဝန်ထမ်းများ အပါအဝင် ၄၁ ဦးကို စစ်ကောင်စီက ဓားစားခံအဖြစ် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောသည်။
ထိုသို့ဖမ်းဆီးပြီးနောက် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးယွတ်ဇော်ခေါင်က ဖမ်းဆီးထားသည့် အရပ် သားများအား လွှတ်ပေးရန် ညိုနှိုင်းရန်သွားစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဘယ်ဘက်ပေါင်တွင် ကျည်ထိမှန် သွားသည်ဟု KIA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အဲ့ဒီဖမ်းထားတဲ့ သူတွေကို လွှတ်ပေးဖို့ ညှိနှိုင်းဖို့သွားတဲ့ PCG ခေါင်းဆောင်ကိုတောင်မှ သူတို့ ပစ်ပြီးလွှတ် လိုက်တယ်။ KIA ဝင်လုံးမှာ ကြောက်တာလေ။ စကစကကောင်တွေက ဒေသခံတွေကို ဓားစာခံ မလုပ်ထား ရင်တော့ ဒီစကစတွေ သေနေလောက်ပြီ။”
တိုက်ပွဲ ဖြစ်ပွားလာပြီးနောက် ဆိုင်းတောင်ဒေသခံများ အားလုံး အလံဖြူထောင်ကာ နီးစပ်ရာ ဝှေခါရွာ၊ ကောင် ဆန်ရွာ၊ မှော်ရှန်းရပ်ကွက်၊ မှော်လကိန်ရပ်ကွက်တို့တွင် တိမ်းရှောင်နေကြရသည်ဟု ဒေသခံတစ်ဦးက ပြော သည်။
ဒေသခံတစ်ဦးက “အလံဖြူထောင်ပြီးမှပဲ အကုန်လုံး ထွက်လာခဲ့ပြီး ဆိုင်းတောင်ရွာကတော့ အများပိုင်းက တော့ ထွက်သွားကြပြီ။ စစ်ကောင်စီ မရှိတဲ့နေရာတွေမှာ တည်းကြတယ်” ဟု ပြောသည်။
အခြား ဖားကန့်ဒေသခံတစ်ဦးကလည်း “ကျနော် အိမ်မှာတောင် ၁၀ ယောက်လောက် ပြေးလာတယ်။ ရွာတစ် ခြမ်းတော့ ပြေးတယ်” ဟု ပြောသည်။
စက်တင်ဘာလ ၈ ရက်နေ့ ညကလည်း စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ များ၏ နေအိမ်များ ပျက်စီးခဲ့သည်ဟု ပြောသည်။
ဆိုင်းတောင်တွင် စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြင်းထန်နေပြီး ပြည်သူ နှစ်ထောင်ခန့် ထွက်ပြေး တိမ်းရှောင်နေရသည်။