နာဂလဲန်း ပြည်နယ်သို့ တိမ်းရှောင်သည့် စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။ 

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ အိန္ဒိယနိုင်ငံရှိ နာဂလဲန်း ပြည်နယ်သို့ တိမ်းရှောင်နေရသူ ပြည်သူများသည် ထောက်ပံ့ကြေးမရတော့၍ နေထိုင်စားသောက်ရေး အတွက် ခက်ခဲလာပြီး အကူအညီများ လိုအပ်နေကြသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကြောင့် နာဂဒေသရှိ CDM ဝန်ထမ်းများ၊ NLD ပါတီ ကိုယ်စားလှယ်များ နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူအချို့ တို့သည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြသည်။

နာဂလန်းပြည်နယ်သို့ ထွက်ပြေး တိမ်းရှောင်နေသည့် အမျိုးသားတစ်ဦးက “အဆင်ပြေအောင် ကြိုးစား နေ နေ ကြတယ်။ အစက တည်းကမှ ကောင်းကောင်း မပေးတဲ့ကြားက အခု နောက်ပိုင်းဆိုရင် ဘာထောက်ပံ့မှုမှ မရ တာ ကြာနေပြီ ဘာကြောင်းလဲတော့ သေသေချာချာတော့ မသိဘူး။ အဓိကတော့ လူသားချင်းစာနာ ထောက်ပံ့မှု အကူအညီတွေ လိုအပ်နေတယ်” ဟု ပြောသည်။

အိန္ဒိယနိုင်ငံ နာဂလဲန်းပြည်နယ်သို့ တိမ်းရှောင်နေရသူ မိသားစု ၅၀ ကျော်ရှိပြီး စုစုပေါင်းဦးရေ အယောက် ၃၀၀ ကျော်ရှိသည်ဟု တိမ်းရှောင်နေရသူများအား ကူညီဆောင်ရွက်ပေးနေသည့် တာဝန်ခံတစ်ဦးက ပြောသည်။

၎င်းက “ရောက်ခါစတုန်းက လူမှုအဖွဲ့စည်းတွေ ဝိုင်းကူကြပေမယ့် အချိန်ကာလ ကြာလာတော့ သူတို့တတွေ လည်း မကူညီနိုင်ကြတော့ဘူး။ အခက်အခဲဆုံးကတော့ စားစရိတ်ပေါ့။ ကျနော်တို့လည်း ရောက်နေတာ သုံးနှစ် ကျော် လေးနှစ် ဆိုတော့ ခက်ခဲကြပါတယ်။ နေစရာအိမ်ငှားရမ်းခ၊ ပညာရေးစရိတ်၊ ကျန်းမာရေး၊ စားစရိတ် စတာတွေ အခက်ခဲတွေပေါ့” ဟု ပြောသည်။

စစ်အာဏာသိမ်းချိန်က နာဂလဲန်းပြည်နယ်သို့ တိမ်းရှောင်နေသူများအား အမျိုးသား ညီညွှတ်ရေး အစိုးရ NUG နှင့် နာဂလဲန်းရှိ အရပ်ဖက် အဖွဲ့အစည်းများက ကူညီထောက်ပံ့ပေးခဲ့သော်လည်း လက်ရှိတွင် ထောက်ပံ့ကူညီမှု များ မရရှိတော့သည့် အနေအထားတွင် ရှိနေသည်ဟု တိမ်းရှောင်နေရသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“၂၀၂၂ နှစ်ဆန်းပိုင်း အထိလောက်ပဲ နည်းနည်းပါးပါးရတာ။ အဲ့နောက်ခုထိ မရတော့ဘူး။ အရမ်းခက်ခဲတယ် မရဘူး ပြောလည်း မယုံကြဘူး။ သူများတွေတော့ ဘယ်လို ရှေ့ဆက်နေလဲ မသိဘူး၊။ မသေထမင်း မသေဟင်း တွေနဲ့ အသက်ဆက်နေရတယ်။ ဝင်ငွေမရှိ အထောက်အပံ့ မရှိတော့လေ။” 

ထောက်ပံ့မှုများ မရတော့သည့်အတွက် နေ့စားအလုပ်ဖြစ်သည့် ကျောက်ထုလုပ်ငန်း၊ လယ်ယာ နှင့် တောင်ယာ စိုက်ခင်းများတွင် လုပ်ကိုင်နေကြရသည်ဟု ဆိုသည်။ 

တစ်ရက်လျှင် လုပ်ခ အနည်းဆုံး အိန္ဒိယငွေ ရူပီး ၂၅၀ မှ အများဆုံး ၆၀၀ အထိ ရရှိပြီး ကျပ်ငွေအားဖြင့် အများဆုံး ၃၀,၀၀၀ ကျပ်  အထိသာ ရကြသည်ဟု ကူညီဆောင်ရွက် ပေးနေသူက ပြောသည်။

“ရှိတာလေး ရောင်းထုတ်ပြီး နေလာကြတယ်။ အခုနောက်ပိုင်းဆို ရောင်းစရာလည်း မရှိကြတော့ဘူး။ တစ်ခုခု အလုပ် အကိုင် ရှားပါးမှုကြောင့် နေ့စားလိုက်ဖို့တောင် မနည်းရှာရတယ်။ အလုပ်လုပ်နိုင်တဲ့လူတွေက နေ့စား လိုက်ကြတယ်။ လယ်၊ ကျောက်ထုတ်၊ တောင်ယာ စတဲ့ အလုပ်တွေ အလုပ်ကြမ်းရင် ကြမ်းသလိုရတယ်။” 

စစ်အာဏာသိမ်းပြီးနောက် နာဂဒေသရှိ လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်တို့မှ NLD ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်းများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများသည် အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ နာဂလဲန်းပြည်နယ်သို့ အများဆုံး ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

ထွက်ပြေး တိမ်းရှောင်လာစဉ်က နာဂလဲန်းပြည်နယ် အစိုးရမှ အလှူငွေ တစ်ကြိမ် ထောက်ပံ့ပေးခဲ့ပြီး နောက်ပိုင်းတွင် ကူညီထောက်ပံ့မှုများ မရှိတော့ဟု အဆိုပါ နာဂလဲန်းဒေသသို့ ထွက်ပြေး တိမ်းရှောင် ရောက်ရှိနေသူများက ပြောသည်။

ဓါတ်ပုံ – ပုံဟောင်း (NGO အဖွဲ့ကနေ အဝတ်အထည်၊ အိုးခွက်ပန်းကန်နှင့် ဆန် လာရောက်လှူဒါန်းနေပုံ)