ဆီဆိုင်တွင် စစ်ဒဏ်ခံရသော ရပ်ကွက်မှ စစ်မှုထမ်း အများဆုံး တောင်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။
ဆီဆိုင်တွင် စစ်ဘေးဒဏ် အများဆုံးခံရသည့် ရပ်ကွက်မှ စစ်မှုထမ်း ၁၀ ဦး မဲပေါက်သည်ဟု ဒေသခံများက ပြောသည်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ဘေးဒဏ် အများဆုံး ခံရသည့် ရပ်ကွက်မှ စစ်မှုထမ်း မဲပေါက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
မဲပေါက်သည့် မိသားစုဝင် တစ်ဦးက “စစ်မှုထမ်းရမယ်ဆိုတော့ ပြန်လို့တောင်မှ မရသေးတာလေ။ ဘယ်လို အတွေးနဲ့များ ခေါ်ရက်တာလဲပေါ့နော်။ ရှေ့လကပဲ PNO က လာခေါ်သွားတာလေ။ အခုက ဗမာစစ်တပ် ဆို တော့ ကျမတို့ ပအိုဝ်းတွေ ဘဝလည်း ဘယ်သူ့ အားကိုးရမလဲ မသိ။ သေမှာ သေချာနေတဲ့လမ်း ဘယ်မိဘက လွှတ် ရက်မလဲ” ဟု ပြောသည်။
ဆီဆိုင်မြို့တွင် စက်တင်ဘာလ ဒုတိယ အပတ်အတွင်း စစ်ကောင်စီက ကျန်သည့်ရပ်ကွက်များကို မဲနှိုက်ခွင့် မပြု ဘဲ စစ်ဘေးဒဏ် အများဆုံး ခံခဲ့ရသည့် မြကန်သာရပ်ကွက် တစ်ခုတည်းတွင် ၁၀ ဦးအထိ မဲဖောက်ခဲ့ခြင်း ဖြစ် သည်။
မြကန်သာ ရပ်ကွက်သည် ဆီဆိုင်မြို့ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ ၄၂၄) နှင့် ကပ်လျက်တွင်ရှိပြီး မြို့တွင်း တိုက်ပွဲ ၂ ကြိမ်လုံး၌ မကြာဏ လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီး ကျရောက်ခြင်းများ ကြုံခဲ့ရသောကြောင့် လက်တလောတွင် တိမ်းရှောင်နေကြရသည်။
ထို့အပြင် လက်ရှိ အခြေအနေ၌ ရပ်ကွက်နေ ပြည်သူများမှာ နေရပ်ပြန်ရန် လမ်းစရိတ်ပင် ခက်ခဲနေပြီး လူစား ထိုး ငှားရမ်းဖို့အတွက်လည်း အဆင်မပြေသေးဘူးဟု ဆိုကြသည်။
ပအိုဝ်းပြည်သူ့စစ် (PNA)နှင့် နီးစပ်သည့် ဆီဆိုင်ဒေသခံ တစ်ဦးက “မြကန်သာရပ်ကွက်က နေ့စားလိုက်ကြတာ များတယ်။ မှိုချိုး၊ မျှစ်ချိုး၊ ပန်းရံလုပ်ကြတာ။ သူဌေးမှ မရှိတာ ပိုက်ဆံ မထည့်နိုင်လောက်ဘူး။ နယ်မြေ ၅ ဆို ရင် စစ်တပ်နဲ့ PNO က သူတို့မြေတွေ သိမ်းထားတာ” ဟု ပြောသည်။
ဩဂုတ်လ ဒုတိယအပတ်တွင်လည်း မြကန်သာရပ်ကွက်ရှိ စိတ်ဝေဒနာရှင်တစ်ဦးအား PNA တပ်ဖွဲ့ဝင်များမှ PDF ဟု စွပ်စွဲ၍ ပစ်သတ်ရန် ကြိုးစားခဲ့ဖူးပြီး ထိုလူငယ်မှာ PNA လူကြီးနှင့် ဆွေမျိုးတော်စပ်နေသည် ဖြစ်ရာ လျှော့ပေါ့သည့် အနေဖြင့် စစ်မှုထမ်းသာ ခေါ်ယူခဲ့သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။
ထို့အပြင် မြကန်သာရပ်ကွက်ရှိ အိမ်ထောင်စု အားလုံးမှာ ဩဂုတ်လ တစ်လတာလုံး PNA အား နေ့စဉ်နေ့တိုင်း ထမင်းထုပ်များ ပို့ပေးခဲ့ရသေးသည်ဟုလည်း ရပ်ကွက်နေပြည်သူများက ပြောသည်။
မြန်မာနိုင်ငံ၌ ရန်ကုန်နှင့် ဧရာဝတီတိုင်းမှ အပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရေဘေးနှင့် စစ်ဘေး နှစ်မျိုးအနက် အများစုမှာ တစ်မျိုးမျိုးနှင့် ရင်ဆိုင်နေရပြီး ဆီဆိုင်မြို့နယ်တွင်မူ ၂ မျိုးလုံးနှင့် ကြုံတွေ့နေရသည် ဖြစ်ရာ ကျန်ဒေသများထက် အကူအညီများလည်း ပိုမိုလိုအပ်လျက် ရှိသည်။