မြိတ်ခရိုင် ပြည်ထောင်စု လမ်းမကြီးကို ညပိုင်းအသုံးမပြုရန် NUG သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။ 

မြိတ်ခရိုင်အတွင်းရှိ ပြည်ထောင်စု လမ်းပိုင်းကို ညဘက်တွင် အသုံးမပြုကြရန် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ တနင်္သာရီ စစ်ဆင်ရေးဌာနက သတိပေးလိုက်သည်။

မြိတ်ခရိုင်အတွင်း စစ်ရေးအရှိန် တိုးမြင့်သွားမည် ဖြစ်သဖြင့် ခရီးသွားများ အနေဖြင့် ပြည်ထောင်စု လမ်းပိုင်းကို ညဘက်တွင် အသုံးမပြုကြရန် အမျိုးသား ညီညွှတ်ရေး အစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာန၊ တနင်္သာရီ စစ်ဆင်ရေးဌာနက သတင်းထုတ်ပြန် သတိပေးထားခြင်း ဖြစ်သည်။

တိုင်းစစ်ဌာန တနင်္သာရီ၏ ဒု-စစ်ဆင်ရေး တာဝန်ရှိသူက “ပြည်ထောင်စု လမ်းမကြီးပေါ်တွေမှာဆို အရပ်သား ကားတွေကို အကာအကွယ် ယူပြီးသွားနေတာကြောင့် တိုက်ခိုက်တဲ့အခါမှာ တော်တော် ခက်ခဲပါတယ်။ ဒါ ကြောင့် ပြည်သူလူထု ထိခိုက်မှုရှိမှာကို စိုးရိမ်တဲ့အတွက် သတိပေးချက် ထုတ်ပြန်ရတာပါ” ဟု ပြောသည်။

စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးနေသည့် ပုလောမြို့နယ်၊ မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက စစ်ရေးအရှိန်တိုးမြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၆ရက်နေ့က ထုတ်ပြန်ထားသည်။

ပုလောမြို့နယ်ထဲရှိ ပြည်ထောင်စု လမ်းမကြီး၊ မြိတ်မြို့နယ် အတွင်း၌ မြိတ်မြို့အထွက် ကျောက်ဖြူတောင် လမ်းဆုံမှ သာရမဲ၊ အင်္ဂမော်၊ ကြေးနန်းတိုင်လမ်းတလျှောက်နှင့် တနင်္သာရီမြို့နယ်ထဲက ပြည်ထောင်စုလမ်း

မကြီးများကို ခရီးသွားလာမည့် သူများအနေဖြင့် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ သွားလာကြရန် ထုတ်ပြန်ချက် သတိပေးထားသည်။

ဖေါ်ပြထားသည့် မြို့နယ်များတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့က ရွာသားများကို အတင်းအဓမ္မ ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ ရွာသားများကို အကာအကွယ် ယူပြီး စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေခြင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းများကို အဆက်မပြတ် လုပ်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က အသွင်ယူ သွားလာလှုပ်ရှားမှုများ ရှိနေသည့်အတွက် တားမြစ်ရခြင်းဖြစ်ပြီး စစ်ရေးအရှိန်တိုးမြင့်ခြင်းများ အပြင် စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်များနှင့် အုပ်ချုပ်ရေး ပစ်မှတ်များကိုပါ တိုက်ခိုက်ရှင်းလင်းသွားမည် ဖြစ်ကြောင်း တိုင်းစစ်ဌာန တနင်္သာရီ၏ ဒု-စစ်ဆင်ရေး တာဝန်ရှိသူက ဆိုသည်။

စစ်ရေးအရှိန်မြင့်တင်သွားမည်ဟု ထုတ်ပြန်ထားတဲ့ မြို့နယ်များထဲမှ ပုလောမြို့နယ်အတွင်း စက်တင်ဘာလ ပထမပတ် ကတည်းက စတင်ပြီး နှစ်ဖက်တိုက်ပွဲများ ရက်ရှည် ဖြစ်ပွားနေသည်။

တနင်္သာရီမြို့နယ် အတွင်း၌လည်း စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ပြီး နှစ်ဖက်ကြား တိုက်ပွဲများ နေ့စဥ် ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုကြောင့် ရွာသား ၄ ဦး သေဆုံး၊ ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ရွာသားများက ဆိုသည်။

မြိတ်မြို့နယ်အတွင်း စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး မဇောကျေးရွာအုပ်စုကို စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး ကျေးရွာများ အနီးတဝိုက်ကို ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်နေသည်ဟု ဒေသခံများက ပြောသည်။