အခြားနယ် မှတ်ပုံတင်ကိုင်ဆောင်သူများ ကော့သောင်းလေဆိပ်တွင် ငွေတောင်းခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။
မြန်မာနိုင်ငံတောင်ဘက်စွန်း ထိုင်းနယ်စပ်ရှိ ကော့သောင်းမြို့ လေဆိပ်တွင် အခြားမြို့နယ် မှတ်ပုံတင် ကိုင်ဆောင်သူများကို အကြပ်ကိုင်ပြီး ငွေတောင်းနေ သည်ဟု ခရီးသွားပြည်သူများက ပြောသည်။
ကော့သောင်းမြို့ လေဆိပ်သို့ ထိုင်းနိုင်ငံကို ဝင်ရောက်ရန်လာသည့် အခြားမြို့နယ် မှတ်ပုံတင် ကိုင်ဆောင်ထားသူ
များကို လေဆိပ်ဌာနဆိုင်ရာများနှင့် ကမ်းနား လဝကရုံးကို အဆင့်ဆင့် ပေးဆောင်နေရခြင်း ဖြစ်သည်။
အသက် ၄၀ ခန့်အရွယ် ခရီးသွားလာသူတစ်ဦးက “လေယာဥ်ကွင်းမှာ ပတ်စ်ပို့စ်နဲ့ ရောက်လာတဲ့ သူတွေကို လေယာဉ်ကွင်းမှာ ဖြတ်သန်းခွင့်မပေးဘဲ စာရွက် စာတမ်းတွေကို စစ်တယ်၊ တစ်ယောက်ကို ဘတ် ၃၅ဝဝ ပေး ရမယ်ဆိုပြီး တောင်းတယ်။ တရားဝင် တံဆိပ်တုံး ထုပြီးလာကြတဲ့ သူတွေကို ငွေတောင်းနေတာက မဖြစ် သင့်ပါဘူး” ဟု ပြောသည်။
ထိုင်းနိုင်ငံကို တရားဝင် အလည်ဗီဇာနှင့် သွားလာမည့် အခြားမြို့နယ် မှတ်ပုံတင် ကိုင်ဆောင်ထားသည့် သူများကို ကော့သောင်း လေဆိပ်မှာ ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ပင်ထားပြီး လေဆိပ်အတွင်းရှိ ဌာနဆိုင်ရာများကို ဘတ် ၃၅၀၀ ပေးမှသာ လေဆိပ်မှ ထွက်ခွာခွင့်ပြုသည်ဟု လေဆိပ်နှင့်နီးစပ်သူက ဆိုသည်။
အခြား မြို့နယ်မှတ်ပုံတင် ကိုင်ဆောင်ပြီး ကော့သောင်း နယ်စပ်ဂိတ်မှ တဆင့် ထိုင်းနိုင်ငံဘက်ကို သွားသည့် သူများမှာ လမ်းကြောင်း အချိတ်အဆက်ပါ ကြိုလုပ်ထားရန် လိုအပ်နေပြီး မလုပ်ထားပါက ဌာနဆိုင်ရာများ၏ လုံခြုံရေး စစ်ဆေးတင်းကြပ်ခြင်းကို ကြုံရနိုင်သည်ဟု ခရီးသွားလာသူတစ်ဦးက ဆိုသည်။
လမ်းကြောင်း အချိတ်အဆက် ကြိုတင်လုပ်ထားသည့် သူများကို လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့နှင့် ပွဲစား များက ငွေကြေး အမြောက်အများယူကာ ထွက်ခွာခွင့်ပြုနေခြင်း ဖြစ်သည်။
ပတ်စ်ပို့စ်နှင့် တရားဝင် လာရောက်သူများကို လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့များက ပူးပေါင်းဖမ်းဆီးနေခြင်း ဖြစ်ပြီး ၎င်းအဖွဲ့နှင့် ကြိုတင်ချိတ်ဆက်ထားသူများကို စစ်ဆေးမှုမရှိဘဲ၊ မလုပ်ထားသည့် သူများကို လက်မှတ် ဝယ်ခိုင်းပြီး လာရင်းနေရာသို့ ပြန်ခိုင်းနေကြောင်း ခရီးသွား တစ်ဦးက ပြောသည်။
ထို့အပြင် အလည်ဗီဇာနှင့် လာသူ အခြား မြို့နယ်မှတ်ပုံတင် ကိုင်ဆောင်ထားသူများမှာ လေဆိပ်၌သာ ငွေပေးဆောင်နေရခြင်း မဟုတ်ဘဲ၊ ကော့သောင်းမြို့ ကမ်းနားရှိ လဝကရုံးကိုပါ စာရွက်စာတမ်းများ ပြနေရပြီး မပြနိုင်သည့် သူများကို ဘတ် ၂၅၀၀ ထပ်မံ ပေးဆောင်ခိုင်းနေခြင်း ဖြစ်သည်။
ကော့သောင်းလေဆိပ် နှင့် ကမ်းနား လဝကရုံးများတွင်သာ မကဘဲ၊ ကမ်းထွက်၊ ရေလယ် စသဖြင့် ဂိတ်တိုင်း ကိုပါ ငွေကြေးအဆင့်ဆင့် ပေးနေရသေးသည်ဟု ခရီးသွား အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းကို ဖြတ်ကျော်သည့်အခါတွင်လည်း ရှိနေသည့် ဂိတ်တိုင်းကို ခရီးသွားသူများ ပေးဆောင်နေရသည့် ငွေကြေးပမာဏမှာ ဘတ် ၅၀၀ နှင့် ၁၀၀၀ အကြား ရှိနေသည့်အတွက် ယခင်ကထက် ငွေကုန်ကြေးကုန်ကျမှု ပိုများလာနေသည်ဟု ဆိုသည်။
ခရီးသွားလာသူများထဲ၌ စစ်ကောင်စီက စစ်မှုထမ်း အကျုံးဝင်သူ လူငယ်အမျိုးသားများကို လေဆိပ်မှတဆင့် ပြည်ပထွက်ခွာခွင့်ကို လုံခြုံရေး တင်းကြပ်လိုက်ပြီးသည့်နောက် နယ်စပ်ဂိတ်များမှ တစ်ဆင့် ထိုင်းနိုင်ငံဖက်ကို ထွက်ခွာလာကြခြင်း ဖြစ်သည်။