လိင်အကြမ်းဖက်မှုများ ပိုမို ဖြစ်ပွားနေပြီး ဖြစ်ရပ်များအား ဖွင့်ဟထုတ်ဖော်ရန် လိုအပ် ဟု BWU ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အကြမ်းဖက်မှုများ ပိုမို များပြားလာနေပြီး ကျူးလွန်ခံရသူများအတွက် အမှန်တရား ပေါ်ပေါက်စေရန် ထိခိုက်ကျူးလွန်ခံရသူများ၏ အသံများအား ကျယ်ကျယ် ပြန့်ပြန့် ဖော်ထုတ်ရန် အရေးကြီးသည် ဟု မြန်မာအမျိုးသမီးသမဂ္ဂ (BWU) မှပြောသည်။
စစ်ကောင်စီမှ အာဏာသိမ်းသည့် နောက်ပိုင်းတွင် လိင်အကြမ်းဖက် အမှုများမှာ လျှော့မသွားသည့်အပြင် ပိုမိုများလာသည် ဟု မြန်မာအမျိုးသမီး သမဂ္ဂ (BWU) မှ အထွေထွေ အတွင်းရေးမှူး နော်ခင်စန်းထွေးက ပြောသည်။
“အခု ၂၀၂၁ ဒီစစ်အုပ်စု ကနေပြီးတော့မှ အာဏာသိမ်း ဖို့ ကြိုးစားတဲ့ ကာလနောက်ပိုင်းမှာ ဒီအမှုတွေက လျှော့မသွားတဲ့အပြင် အမှုတွေက များလာတယ်။ ဒါတောင်မှ ကျမတို့ လက်လှမ်းမမီတဲ့ နယ်မြေတွေ ကျမတို့ အချက်အလက်သွားကောက်ယူလို့ မရဘဲ ကန့်သတ်ခံထားရတဲ့ နယ်မြေတွေ ဒီဟာတွေပေါင်းလို့ရှိရင် ဒိလို ဖြစ်နေတဲ့ အခင်းအကျင်း ဘယ်လောက် များမလဲ။ ကျမတို့ ခန့်တောင် မခန့်မှန်းနိုင်ဘူး ပေါ့နော။ သို့သော်လည်းပဲ အမှုတွေကို ဒိလို အသံတွေ တရားမျှတမှု ရရှိဖို့ပဲဖြစ်ဖြစ်၊ သူတို့ အကူအညီ လိုအပ်နေတဲ့ အခက်ခဲပဲဖြစ်ဖြစ်၊ မတရားမှုတွေကို ဖော်ထုတ်တဲ့ နေရာများပဲဖြစ်ဖြစ် ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ ကြောက်ရွံ့ရတဲ့ ဟာမျိုးတွေ ရှိနေတယ်။”
မြန်မာနိုင်ငံ လူမှုအသိုင်းအဝန်းနှင့် စစ်ပဋိပက္ခအတွင်း လိင်အမြတ်ထုတ်မှု ခံရသည့် အမျိုးသမီးများအတွက် အမှန်တရားဖော်ထုတ်ရန်အတွက် ကျူးလွန်ခံရမှုများအား ထုတ်ဖော်ပြောဆိုရာတွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှု အခြေအနေကို အထွေထွေ အတွင်းရေးမှူး နော်ခင်စန်းထွေးက ယခုကဲ့သို့ ပြောသည်။
“သူတို့ ဒီ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတယ် ဆိုတဲ့ ဟာတွေ ကို သူတို့ တွေက တိုင်ကြားဖို့နေရာမှာ စိန်ခေါ်မှုတွေ အရမ်းရှိတယ်။ ထုတ်ဖော်ပြောဆိုမဲ့ နေရာမှာ အရမ်းကို စိန်ခေါ်မှု ရှိတယ်ပေါ့။ အဓိကကတော့ သူတို့ရဲ့ လုံခြုံရေး ပေါ့နော။ သူတို့က အထူးသဖြင့် သူတို့်ကို ပြုကျင့်သွားတဲ့သူ တွေက သူတို့နဲ့ နယ်မြေတစ်ခု ထဲမှာ တူတူရှိ နေတာမျိုး၊ ရပ်ကွက်တစ်ခုထဲမှာ တူတူရှိတာမျိုးဆိုရင် သူတို့ရဲ့ လုံခြုံရေးတွေကြောင့် သူတို့ ထုတ်ဖော်ပြောဆိုဖို့ အခက်ခဲတွေ ရှိတယ်။ နောက်တစ်ခု ခါကြတော့ ခြိမ်းခြောက်ခံရတဲ့ ဟာမျိုးတွေ ပေါ့နော။ ထုတ်ဖော်ပြောဆိုရင် မိသားစု ကိုဘာလုပ်မယ် ဆိုတဲ့ ခြိမ်းခြောက်မှု တွေကြောင့် ထုတ်ဖော်မပြောတဲ့ ဟာမျိုးတွေ ရှိတယ်။”
မြန်မာနိုင်ငံတွင် အမျိုးသမီး များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်ပဋိပက္ခအတွင်း ရည်ရွယ်ချက် ရှိရှိ စစ်လက်နက်တစ်ခု ကဲ့သို့ အသုံးပြုမှုမှာ လွန်ခဲ့သော နှစ်ပေါင်း (၇၀)ကျော် အချိန်တည်းက ကျူးလွန် နေခဲ့ကြသည် ဟု မြန်မာအမျိုးသမီးသမဂ္ဂ(BWU) က ဆိုသည်။
လိင်အမြတ်ထုတ်မှု ကျူးလွန်သူများအား အရေးယူနိုင်ရန် တရားမျှတမှု ဖော်ဆောင်သည့် အချိန်တွင် ကျူးလွန် ခံရသည့် အမျိုးသမီးများ၏ အသံသည် အဓိက ကျသည့် အခန်းကဏ္ဍတစ်ရပ် ဖြစ်သည် ဟု မြန်မာအမျိုးသမီး သမဂ္ဂ (BWU) မှ အထွေထွေ အတွင်း ရေးမှူး နော်ခင်စန်းထွေး က ပြောသည်။
“ ဒီလို ကာလမှာ ဒီရှင်သန် လွတ်မြောက်လာတဲ့ အမျိုးသမီးတွေအနေနဲ့ တရား မျှတမှု ဆိုတာထက်ဆိုင်ရင် သူတို့ရဲ့ နှစ်စဉ်ဓူဝ မနက်ဖြန် ရှင်သန်ဖို့ အတွက် သူတို့ လုံခြုံဖို့ အတွက် သူတို့ အတွက် အရမ်းကို အရေးကြီးတဲ့ ကဏ္ဍက ထဲမှာ ပါတယ် ပေါ့နော။ တရားမျှတမှုအတွက်ကို ရှာဖွေဖို့အတွက် ဆိုတာက သူတို့ရဲ့ ဒုတိယ၊ တတိယ အဆင့်မှာ ရှိတယ်။ သို့သော်လည်းပဲ မြန်မာပြည်ကြီး အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်ပြီးတော့မှ ကျမတို့ ဒီတရားမျှတမှု ဖော်ဆောင် မဲ့ အခန်းကဏ္ဍ ရောက်လာတဲ့ အခါကြတော့ အခုကျမတို့ ကောက်ထားတဲ့ အချက်အလက်တွေက အရမ်းကို အရေးကြီးတဲ့ နေရာတစ်ခုကနေ ပါလာ လိမ့်မယ်။ သက်သေ တွေ ဖြစ်တယ်။ ဒီအမျိုးသမီးတွေ ကျူးလွန်ခံရတဲ့ အခြေအနေကို စန်စတကျနဲ့ အခုလို့ မှတ်တမ်း တင်ထားမှ နောင်တစ်ချိန် တရားမျှတမှုကို ရှာဖွေတဲ့နေရာမှာ အထောက်အကူပြုစေဖို့ ဖြစ်တယ် ပေါ့နော” ဟုဆိုသည်။
လိင်အမြတ်ထုတ်မှုများကို အကြမ်းဖက်စစ်အုပ်စု မှကျူးလွန်သကဲ့သို့ တော်လှန်ရေးအင်အားစုများမှ ကျူးလွန်မှုများလည်း ရှိသည့်အတွက် အမျိုးသမီးများ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များအား ဖော်ပြ ပြောဆို လာသည့် အသံများအား တရားမျှတမှု ရရှိရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်နိုင်ရန် အရေးကြီးသည် ဟု (BWU) မှ ဆိုသည်။
မြန်မာအမျိုးသမီးသမဂ္ဂ (BWU) အနေဖြင့် လိင်အကြမ်းဖက် ခံရသူ အမျိုးသမီးများ၏ အချက်အလက် ကောက်ယူရာတွင် ၎င်းတို့၏ လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားပြီး မည်သူမည်ဝါ ဖြစ်ကြောင်း အထောက် အထားအား လျှို့ဝှက်ထိန်းသိမ်း ပေးပြီး တရားမျှတမှု ဖော်ဆောင်သည့် အချိန်မှသာ သက်သေအဖြစ် အသုံးပြုရန် ထားရှိသည်ဟု ( BWU) အထွေထွေ အတွင်းရေးမှုူး နော်ခင်စန်းထွေး က ဆိုသည်။