စစ်ကောင်စီတပ် ရွာနှစ်ရွာအား မီးရှို့ဖျက်ဆီး၊ အဖွားအို တစ်ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုအတွင်းမှ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ အဖွားအို တစ်ဦးလည်း မီးထဲပါသွားပြီး သေဆုံးခဲ့သည်ဟု ရွာသားများက ပြောသည်။

ရှပ်ပုံကျေးရွာ၊ စံပြရပ်ကွက်က အိမ်သုံးဆောင်နှင့် မီးလောင်အော်ကျေးရွာမှ အိမ် ၃၁ ဆောင် မီးရှို့ဖျက်ဆီးခံခဲ့ရ ခြင်း ဖြစ်ပြီး အဆိုပါ ရွာမှ အသက် ၇၀ အရွယ် ဒေါ်ဖွားပု ဆိုသည့် အဖွားအိုတစ်ဦးလည်း မီးထဲသို့ပါကာ သေဆုံး ခဲ့ရခြင်း ဖြစ်သည်။

အသက် ၄၀ခန့်အရွယ် ရွာသားတစ်ဦးက ကျန်းမာရေး မကောင်းလို့ အိမ်ထဲမှာရှိနေတဲ့ ဒေါ်ဖွားပု မီးထဲပါသွား ပြီး ဆုံးသွားတယ်၊ တော်တော်လေး ရက်စက်တယ်။ စိတ်ထဲမကောင်းဘူး ဟု ပြောသည်။

အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရှပ်ပုံကျေးရွာထဲသို့ စစ်ကြောင်း ထိုးလာခဲ့ပြီးနောက် ကျေးရွာအတွင်း ရှိနေသည့် ပြည်သူ့ ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ များနှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တိုက်ပွဲအတွင်း ပါဝင်ခဲ့သူ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် ညနေပိုင်း ၅ နာရီအချိန်ခန့်တွင် ရှပ်ပုံကျေးရွာ၊ စံပြရပ်ကွက်ရှိ နေအိမ်များကို မီးရှို့ခဲ့ ပြီး စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက်အစောပိုင်းတွင် မီးလောင်အော်ကျေးရွာမှ အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ ကြသည်။

စစ်ကောင်စီတပ်က အိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် အပြင် အိမ်အသုံးအဆောင် ပစ္စည်းများနှင့် ဆိုင်ကယ် ဆယ်စီးထက် မနည်းကိုလည်း ယူသွားသေးသည်ဟု ရွာသားများက ဆိုသည်။

စစ်ကောင်စီတပ်က မီးလောင်အော်ကျေးရွာကို မီးရှို့ပြီးသည့် နံနက်ပိုင်းမှာပင် ပုလောမြို့အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ခလရ -၂၈၅ တပ်ရင်းဘက်သို့ တပ်ပြန်ဆုတ်သွားကြသည်။ 

မီးလောင်အော်ကျေးရွာနှင့် ရှပ်ပုံကျေးရွာတို့မှ ရွာသားများ အပါအဝင် လမ်းတလျှောက်၌ တွေ့ရသည့် ရွာသား အယောက် ၃၀ ထက် မနည်းကိုလည်း တပ်ပြန်ဆုတ်သွားသည့် အချိန်တွင် ခလရ – ၂၈၅ တပ်ရင်းထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များက ပြောသည်။