ရဲဝန်ထမ်းဟောင်းများက တက္ကစီအငှားယာဉ်မောင်းသူ အသွင်ယူပြီး ခြိမ်းခြောက်ငွေညှစ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။

ရန်ကုန်တိုင်း၊ မြို့နယ်အနှံ့အပြားတွင် အငြိမ်းစား ရဲဝန်ထမ်းဟောင်းများက တက္ကစီမောင်းသူ အသွင်ယူပြီး ခရီးသည်များအား ခြိမ်းခြောက်ငွေညှစ်နေသည်ဟု ကိုယ်တိုင်ကြုံခဲ့ရသူများက ပြောသည်။

ရန်ကုန်တိုင်းအတွင်းက မြို့နယ်အနှံ့အပြားတွင် လှုပ်ရှားနေသည့် အသွင်ပြောင်း ရဲဝန်ထမ်းဟောင်းများမှာ ခရီးသည်များ ၎င်းတို့ ကားအတွင်းသို့ ဝင်လာသည့်အချိန်တွင် တံခါးသော့ခတ်၍ VPN စစ်ဆေးပြီး ငွေညှစ် နေခြင်း ဖြစ်သည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကိုယ်တိုင်ကြုံခဲ့ရသည့် တက္ကသိုလ်ကျောင်းသူ တစ်ဦးက ကျမက ကျောင်း သားပါ VPN မသုံးပါဘူး ဆိုတော့ လက်ထိပ်အရင်ခတ်ပြီး ပိုက်ဆံတောင်းပါတယ်။ ၅ သိန်းပေးရင် လူစားလဲ ပေးမယ်တဲ့။ အဲဒါဆို အိမ်လိုက်ယူဆိုတော့ တာဝန်အရ လိုက်လို့မရဘူးတဲ့။ ကြံရာမရအဆုံး ဆွဲကြိုးတွေ၊ လက်စွပ်တွေ ချွတ်ပေးခဲ့ရတယ် ဟု ပြောသည်။

ထို့နောက် နီးစပ်ရာမြို့နယ်ရှိ ရဲစခန်းတစ်ခုတွင် သွားရောက်စုံစမ်းသည့် အခါ၌ ရဲဝန်ထမ်းဟောင်း ဖြစ်ကြာင်း အတည်ပြုချက် ရခဲ့သည်ဟု သူမက ဆက်ပြောသည်။

အဆိုပါ ရဲဝန်ထမ်းဟောင်း ဆိုသူများတွင် လက်ထိပ်၊ သေနတ်၊ ဝေါ်ကီတော်ကီ စသည့် ပစ္စည်းများ အပြည့်စုံ ပါရှိပြီး ခရီးသည်များဘက်မှ ဖုန်းမပြခဲ့ပါက လက်ထပ်ခတ်၍ အတင်းစစ်ဆေးလေ့ ရှိသည်ဟု ဆိုကြသည်။

ရန်ကုန်တိုင်းရှိ တက္ကသိုလ်၊ သင်တန်း၊ လူပြတ်သည့် နေရာများတွင် အသွင်ပြောင်း ရဲဝန်ထမ်းများ လှုပ်ရှားနေ ရှိပြီး တစ်ဦးတည်း သွားလာသည့် မိန်းကလေးများအား ပစ်မှတ်ထားလေ့ရှိသည်ဟု ဆိုကြသည်။

ယခု ရက်သတ္တတစ်ပတ်အတွင်း ကိုယ်တိုင်ကြုံခဲ့ရသည့် နောက်ထပ်အမျိုးသမီး တစ်ဦးကလည်း သင်တန်း ကနေ အိမ်အပြန် ည ၇ နာရီကျော်ပြီ။ ရှေ့ခန်းမှာက ယောက်ကျားလေး ၂ ယောက်တွေ့တော့ လမ်းကြုံတင် တာလားဆိုတော့ မဟုတ်ဘူး သူငယ်ချင်းပါတဲ့။ လူပြတ်တဲ့နေရာ ရောက်တော့ လော့ချပြီး တစ်ခါတည်း လက် ထိပ်ခတ် တန်းစစ်တာပဲ။ ၅ သိန်းတောင်းတာ ၃ သိန်းနဲ့ အဆင်ပြေသွားတယ် ဟု ပြောသည်။

ရန်ကုန်တိုင်းတွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း အစွန်အဖျားကျသည့် မြို့နယ်များ၌ ခိုးဆိုးလုယက်သူ များလာသည့်အပြင် စစ်မှုထမ်း ပေါ်တာဆွဲမှုများလည်း များပြားလာသဖြင့် ည ၉ နာရီအထိသာ သွားလာကြ တော့သည်ဟု ဆိုကြသည်။

ထို့အပြင် ရန်ကုန်တိုင်းသည် ၂၀၂၄ ခုနှစ်အတွင်း မြို့ပြစစ်ဆင်ရေး လှုပ်ရှားမှုများ လျော့နည်းသွားပြီး ရှမ်းပြည် မြောက်ပိုင်း၊ ရခိုင်ပြည်နှင့် မန္တလေးတိုင်းတို့တွင် စစ်ရေးပြင်းထန် နေသော်လည်း စစ်ကောင်စီတပ်မများ မနုတ် ယူသေးချေ။