ကရင်နီ စစ်ရှောင်များ စောင်နှင့် အနွေးထည်များ လိုအပ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်။
ကရင်နီပြည်ရှိ စစ်ဘေးရှောင်စခန်းများတွင် စောင်၊ အနွေးထည်နှင့် ဆေးဝါးအကူအညီများ အရေးပေါ် လို အပ်နေသည့်အပြင် ရာသီဥတု အပြောင်းအလဲကြောင့် တုပ်ကွေးရောဂါလည်း ဖြစ်ပွားနေသည်ဟု စစ်ဘေး ရှောင်များကို အကူအညီပေးနေသူများနှင့် စစ်ရှောင်ပြည်သူများက ပြောသည်။
ကရင်နီပြည်တွင် ဆောင်းရာသီဝင်လာပြီ ဖြစ်သောကြောင့် စစ်ဘေးရှောင်များအတွက် အနွေးထည်နှင့် စောင် များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် ကျေးလက်မြေအဖွဲ့မှ ဦးဇော်မင်းထိုက် က ပြောသည်။
၎င်းက “အဓိကကတော့ ဒီစစ်ရှောင်တွေမှာပေါ့နော။ အခုဟာက ရာသီဥတုကလည်း အေးလာပြီဆိုတော့ လိုအပ်ချက်တွေတော့ မြောက်များစွာ ရှိပါတယ်။ ဒီစောင်တွေ အနွေးထည်တွေလည်း သူတို့ အများကြီး လိုအပ် နေတယ်ပေါ့နော။ ဒါလေးတွေ အမြန် ဖြည့်ဆည်း ပေးနိုင်ရင်တော့ ကောင်းတာပေါ့” ဟု ပြောသည်။
စောင်နှင့် အနွေးထည်များအပြင် ဆေးဝါးများလည်း အရေးပေါ် လိုအပ်နေသည်ဟု ဦးဇော်မင်းထိုက်က ဆိုသည်။
ထို့အပြင် လက်ရှိ ကရင်နီပြည်ရှိ စစ်ဘေးရှောင်စခန်း တော်တော်များများတွင် ရာသီတုပ်ကွေးရောဂါလည်း ဖြစ်ပွားနေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ကရင်နီပြည်၊ ဖရူဆိုအနောက်ဘက်ခြမ်းရှိ ဟူဘောမြို့နယ်တွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေသည့် အခြေ အနေနှင့် ပတ်သက်၍ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။
“ဒီရာသီတုပ်ကွေးကြောင့် တစ်ရွာပြီး တစ်ရွာဖျားနေတယ်။ တစ်ရွာပျောက်ပြီဆို နောက်တစ်ရွာက ကူးနေ တော့တာပဲ။ အရင်တလောဆို ဒီကျန်းမာရေး ဆေးခန်းမှာတောင်မှ ဆေးက မလောက်သလို ဖြစ်သွားတာပေါ့ နော်။ လောလောဆယ်တော့ အသက်သေဆုံးတဲ့သူ မရှိသေးဘူး။”
ဟူဘောမြို့နယ်ထဲက ကျေးရွာအချို့ကို ကရင်နီ နယ်လှည့် ကျန်းမာရေးအဖွဲ့ နှင့် ကရင်နီပြည် ကြားကာလ အုပ်ချုပ် ရေးကောင်စီ (IEC) ကျန်းမာရေး အဖွဲ့တို့မှ ကွင်းဆင်းပြီး ဆေးကုသပေးနေသော်လည်း လိုအပ်မှု များစွာ ရှိနေသည်ဟု ဆိုသည်။
မော်ချီးမြို့တွင်လည်း ရာသီတုပ်ကွေး ဖြစ်ပွားနေသည်ဟု လွိုင်ကော်မြို့မှ မော်ချီးသို့ သွားရောက် စစ်ဘေး ရှောင်နေသည့် စစ်ရှောင် မိခင်တစ်ဦးက ပြောသည်။
“ဒီရာသီ အကူးအပြောင်းကြောင့်ပေါ့နော်။ ကလေးတွေတော့ နေမကောင်း ဖြစ်တယ်။ တချို့ လူကြီးတွေလည်း ဖြစ်တယ်ပေါ့နော်။ အထူးသဖြင့် ကလေးတွေမှာ ဖြစ်တာတွေ့ရတယ်ပေါ့နော်။”
ကရင်နီ စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် ကျေးလက်မြေအဖွဲ့မှ ဦးဇော်မင်းထိုက်က “စစ်ရှောင် တွေကို သွားလှူတဲ့ အခါမှာ စခန်းတိုင်းတော့ မဟုတ်ဘူးပေါ့နော ဒီရာသီ အကူးအပြောင်းကြောင့် တချို့တွေက ဖျားနာတာတွေ ရှိတယ်။ တချို့တွေက တုပ်ကွေးဖြစ်ပြီးတော့ ကျန်းမာရေး မကောင်းတာတွေလည်း ရှိတယ် ပေါ့နော်” ဟု ပြောသည်။
ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင်လည်း ရာသီအကူးအပြောင်းကြောင့် တုပ်ကွေးရောဂါ အများစု ပြန်လည်ဖြစ်ပွားနေသည်ဟု ရောင်ခြည်ဦးစစ်ရှောင်စခန်းမှ စစ်ရှောင်တစ်ဦးက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်နီပြည်သူများသည် ဒေသတွင်းက စစ်ရေး ပဋိပက္ခများကြောင့် စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရသည်မှာ အချိန်အားဖြင့် ၄ နှစ်ထဲကို ရောက်ရှိလာပြီ ဖြစ်သည်။
လက်ရှိ စစ်ရှောင်စခန်းများတွင် ဆန်၊ ဆီ၊ ဆားစသည့် အခြေခံစားနပ်ရိက္ခာအပြင် ဆေးဝါးပစ္စည်းနှင့် နေရာ ထိုင်ခင်းအတွက် အမိုးအကာများလည်း လိုအပ်နေဆဲဖြစ်သည်ဟု အကူအညီ ပေးနေသူများက ဆိုသည်။