ခြုံခို တိုက်ခိုက်မှု အနီးရှိ နေအိမ်များ ပြောင်းရွှေ့ရန် စစ်ကောင်စီ အမိန့်ပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်။ 

ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်က ခြုံခိုတိုက်ခိုက်ခံခဲ့ရသည့် နေရာအနီးအနားရှိ နေအိမ်များကို အတင်း အဓမ္မ ပြောင်းရွှေ့ ခိုင်းနေသည်ဟု မြို့ခံများက ပြောသည်။

သုံးဘီးနှင့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဆင်ဆိပ်နှင့် အိမ်ရှေ့ပြင်ရပ်ကွက်ကြားရှိနေသည့် အရက်ချက် စက်ရုံ အနီးတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်က နိုဝင်ဘာလ ၁၈ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်က ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက ပစ်ကြခတ်ကြတော့ အကုန်လုံးလိုလို ပြေးကြလွှားကြရတာ။ အိမ် တောင် ပြန်မရောက်သေးဘူး။ စစ်တပ်က ဒီမှာနေလို့ မရတော့ဘူးလို့ ပြောတဲ့ အသံကြားရတယ်။ အိမ်က အားလုံး ဆယ်ဆောင်လောက် ရှိတယ်ဟု ပြောသည်။

အထက်ပါ ခြုံခိုတိုက်ခိုက်မှုကို ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော် DNLA နှင့် ရေဖြူ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ YPPDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပူးပေါင်း တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရမှုထဲ စစ်ကောင်စီတပ်ဘက်က ခြောက်ဦးတွင် ငါးဦးသေဆုံးကာ တစ်ဦးဒဏ်ရာနှင့် ထွက်ပြေးသွား ခဲ့ပြီး သေနတ်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ပစ်ခတ်မှုခံရမှုအတွင်း စစ်ကာင်စီတပ်မှ ချောဆွဲလာသည့် ထားဝယ်မြို့ခံ သုံးဘီးယာဥ်မောင်းတစ်ဦးလည်း ကျည်ဆံထိမှန် သေဆုံးခဲ့သေးသည်။

ပစ်ခတ်ခံရသည့် နေရာအနီးရှိ နေအိမ်များကို နေထိုင်ခွင့် မပေးတော့ဘဲ စစ်ကောင်စီတပ်မှ ဖိအားပေး အတင်းအကြပ် ပြောင်း‌‌ရွှေ့ခိုင်းနေသောကြောင့် အခက်အခဲများ ဖြစ်နေကြသည်ဟု ရွာသားများက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီး ခဏအကြာတွင် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များ အိမ်ရှေ့ပြင်နှင့် ဆင်ဆိပ်ရပ်ကွက်များကို အင်အား အများအပြားနှင့် ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ကို ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ရွာသားများက ဆိုသည်။

ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက အနီးအနားတွင် ရှိနေသည့် နေအိမ်ငါးဆောင်ကို ဝင်ရောက် မွှေနှောက်ပြီး ဆိုင်ကယ်၊ တီဗီ၊ ဖုန်း၊ အခြားတန်ဖိုးကြီး ပစ္စည်းနှင့် ငွေကြေးများကို ယူသွားခဲ့ကြောင်း  ရပ်ကွက် နေ ပြည်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်သားများကို အစည်းအဝေး ခေါ်ယူပြီးနောက် PDF အဖွဲ့များ ရောက်ရှိလာလျှင် သတင်းပေးပို့ကြရန် တိုက်တွန်းခဲ့ဖူးသည်။

စစ်ကောင်စီက ထားဝယ်မြို့၏ အဝင်အထွက်ဂိတ်များကို အစစ်အဆေးများ တင်းကြပ်ထားသော်လည်း မြို့အစွန် ရပ်ကွက်များဖြစ်သည့် အိမ်ရှေ့ပြင်၊ ဆင်ဆိပ်နှင့် ကြက်စားပြင် ရပ်ကွက်များတွင် ယခုနှစ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။