ဒရုန်းတိုက်ခိုက်မှု ခံခဲ့ရသော ရှမ်းတဲ လေတပ်မှ အရာရှိ ၅ ဦး ဖမ်းဆီး စစ်ဆေးခြင်း ခံနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။ 

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်း တာဝန်ကျ အရာရှိ ၅ ဦးကို စစ်ကောင်စီက နေပြည်တော် သို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မိတ္ထီလာ ပကဖ တာဝန်ခံက ပြောသည်။

ရှမ်းတဲ လေတပ်စခန်း တိုက်ခိုက်ခံရသည့် အောက်တိုဘာလ ၁၁ ရက်နေ့တွင် လေတပ်စခန်း တာဝန်ကျ အရာရှိ ၅ ဦးကို စစ်ကောင်စီက နေပြည်တော်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိတ္ထီလာ ပကဖ တာဝန်ခံ ဦးနောင်ချိုက ပြောသည်။

“ဒီလို တိုက်ခိုက်ခံရပြီးတဲ့ အချိန်မှာ သူတို့ လေကြောင်းရန် ကာကွယ်ရေး တပ်ကနေပြီးတော့ အရာရှိ နှစ်ဦး နဲ့ တခြားအဆင့် ၃ ဦးပေါ့နော်။ ငါးဦးကို နေပြည်တော်ကို ရဟတ်ယာဉ်နဲ့ ညတွင်းချင်း ခေါ်သွားတယ်။” 

ဖမ်းဆီးခေါ်ဆောင်ခံရသည့် အရာရှိ ၅ ဦးကို စစ်ဆေးမေးမြန်းမှု ပြုလုပ်နေသည်ဟု တပ်တွင်း သတင်းပေးများ ၏ သတင်းပေးပြောဆိုမှုကို ကိုးကားပြီး ဦးနောင်ချိုက ယခုကဲ့သို့ ဆက်ပြောသည်။ 

ဒါပေမယ့် သူတို့မြေပြင် အခြေအနေမှာတော့ သူတို့ဒရုန်းတွေကို ကာကွယ်ပေးနိုင်ခဲ့တယ်။ သူတို့ဘာမှ မဖြစ် လို့ တဆင့်တိုး ရာထူးပေးမယ်လို့တော့ ကြေငြာပါတယ်။ ဒါပေမယ့် တပ်တွင်း ဖရဲသီးရဲ့ သတင်းပေးပို့ချက် အရ တော့ လက်ရှိမှာတော့ သူတို့ကို နေပြည်တော်မှာ ချုပ်ထားပြီ စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်ပေါ့ နော်။

နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက်အစာပိုင်းမှ စတင်ကာ ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေး အဖြစ်  မိတ္ထီလာ ရှမ်းတဲလေတပ်၏ စခန်းများ ဖြစ်သော လေကြောင်းအတတ်သင် အရာရှိ အိမ်ရာ၊ ခဲယမ်းသိုလှောင်ရုံ၊ လေကြောင်း ထုတ်လုပ် အရာရှိ ရိပ်သာ၊ တပ်မတော် အကြီးစား စက်ရုံ ၁၀ အရာရှိရိပ်သာ၊ ရေဒါစခန်းနှင့် တပ်မ ၉၉ တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်း ၂၄ စီး အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်။ 

အဆိုပါ တိုက်ခိုက်မှုအတွင်း Y – 12 လေယာဉ်နှစ်စီး၊ လေ့ကျင့်ရေး ရဟတ်ယာဉ်သုံးစီး၊ တိုက်ခိုက်ယာဉ် ဂျက် ဖိုက်တာတစ်စီး စုစုပေါင်း ၆ စီးနှင့် စစ်ကောင်စီ၏ အရာရှိ ၂ ဦးနှင့် စစ်သား ၆ ဦးအား ဒဏ်ရာရရှိခဲ့သည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မိတ္ထီ လာမြို့တွင်း၊ မြို့ပြင်တို့တွင် စစ်ဆေး ရေး တင်းကြပ်ခဲ့ပြီး ကင်းလှည့်ခြင်းများကိုလည်း လုပ်ဆောင်နေသည်ဟု ဦးနောင်ချို က ပြောသည်။ 

“မြေပြင်လုံခြုံရေးအခြေနေတွေအရတော့ သူတို့ဘက်က ဂိတ်တွေပြန်ပြီးချထားတယ်၊ နောက်ပြီး ကင်းလှည့် တာကတော့ ရပ်မိရပ်ဖတွေ တပ်မတော် ထောက်ခံတဲ့သူတွေ ပျူတွေ ပေါင်းပြီးတော့ ကင်းလှည့်နေကြတယ်၊ ရဲနဲ့ တပ်နဲ့ အားလုံး ပေါင်းပြီးတော့ နေ့ခင်းကို ကင်းလှည့်တာတွေ လုပ်တယ်။ ညဘက်ဆိုလည်း လှည့်တယ် ပေါ့နော်။ လုံခြုံရေး အခြေအနေတွေကတော့ တင်းကျပ်ထားတယ်ပေါ့ လက်ရှိတော့။

ထို့အပြင် မိတ္ထီလာဘက်သို့ ကျောက်ပန်းတောင်း၊ မလှိုင်၊ ဝမ်းတွင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံဘက် မှ လည်း စစ်ကောင်စီ စစ်ကြောင်းများ ထိုးလာနေပြီး မလှိုင်ရှိ ပြည်သူအယောက် ၃၀ ခန့်ကိုလည်း ဖမ်းဆီးထား သည်ဟု သိရှိထားပြီး အသေးစိတ်အား ဆက်လက်စုံစမ်းနေသည်ဟု ဦးနောင်ချိုက ပြောသည်။

ရှမ်းတဲ လေတပ်စခန်းကို တိုက်ခိုက်မှု ပြုလုပ်နိုင်ရန်အတွက် တစ်နှစ်တိတိ အချိန်ယူပြီး ရည်ရွယ်ချက်ရှိရှိ တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မိတ္ထီလာ-ပကဖ တာဝန်ခံ က ဆိုသည်။ 

အဆိုပါ တိုက်ခိုက်မှုကို မိတ္ထီလာမြို့နယ် ပကဖ၊ မိတ္ထီလာ ပကဖ ဒရုန်းတပ်ဖွဲ့၊ မိတ္ထီလာခရိုင် တပ်ရင်း (၃)၊ ၁၈၂၅ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း ၈ နဲ့ အမည်မဖော်လိုသော ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ရှာထူး ဝေါ် နည်းပညာ အဖွဲ့၏ နည်းပညာပိုင်း အကူအညီနှင့် ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေး အဖြစ် ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း Meiktila Revolution Force က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မိတ္ထီလာ ပကဖ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့် မိတ္ထီလာရှိ စစ်ရေးပစ်မှတ်များကို နောက်ထပ် ထိရောက်စွာ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း Meiktila Revolution Force က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ထပ်မံ ထုတ်ပြန်ထားသည်။