ပုလောတွင် စစ်ကောင်စီ စစ်ကြောင်းက ရွာသားအချို့ကို ဖမ်းဆီးပြီး နေအိမ်များကို ရှာဖွေ ဖျက်ဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။
မြိတ်ခရိုင် ပုလောမြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့က စစ်ကြောင်းထိုးလာပြီး ရွာသားအချို့ကို ဖမ်းဆီးကာ နေအိမ်များထဲ ဝင်ရောက်ရှာဖွေ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ရွာသားများက ပြောသည်။
အဆိုပါ ကျူးလွန်မှုများကို စစ်ကြောင်းထိုး ဝင်ရောက်လာသော ပုလောမြို့နယ်အတွင်းက ဇရပ်ဆိပ်၊ တပို၊ ကြဲနှင့် မိန်းမမြို့ကျေးရွာများတွင် နိုဝင်ဘာလ တတိယပတ်အတွင်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
တပိုကျေးရွာထဲသို့ ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းက ရွာသား ၃ ဦးနှင့် အသက် ဆယ်နှစ်အရွယ် ကလေးငယ်နှစ်ဦးကို နိုဝင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “လမ်းပေါ် သွားလာနေတဲ့သူတွေ စစ်တပ်နဲ့တိုးမိပြီး အဖမ်းခံရတာပါ၊ တစ်ယောက်ကတော့ ဆိုင်ကယ်ပြင်ဆိုင်ထဲ ဝင်ပြီး ဖမ်းသွားတယ်။ ပြီးတာနဲ့ တပိုဘုန်းကြီးကျောင်းကို ဖမ်းခေါ် သွားတာ” ဟု ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းက အသက် ၂၆ နှစ်အရွယ်နှင့် ၄၆ နှစ်အရွယ် အမျိုးသမီးနှစ်ဦးနှင့် ဆိုင်ကယ်ပြုပြင်ရေး ဆိုင် ဖွင့်ထားသည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးတို့ အပြင် အသက် ၁၀ နှစ်အရွယ် ယောက်ကျားလေး နှစ်ဦးတို့ကို နိုဝင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းက မီးလောင်ချောင်း ကျေးရွာဘက်မှ တဆင့် ဝင်ရောက်လာခြင်း ဖြစ်ပြီး တပိုကျေးရွာ အရောက်တွင် တွေ့ရှိသည့် ရွာသားများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရွာသားတစ်ဦးက အတည်ပြု ပြောဆိုသည်။
ဖမ်းဆီးခံရသူ ငါးဦးစလုံးကို ထိုနေ့ ညနေပိုင်း၌ပင် ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် တပိုကျေးရွာမှ နေအိမ်များကို မွှေနှောက်ဖျက်ဆီးခဲ့ပြီး အိမ်အသုံးအဆောင် ပစ္စည်းများ၊ ပိုက်ဆံနှင့် ဆိုင်ကယ်အချို့ကိုလည်း သိမ်းယူသွားခဲ့သေးသည်ဟု ရွာသားများက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းက ဇရပ်ဆိပ်၊ တပို၊ ကြဲ နှင့်မိန်းမမြို့ကျေးရွာများ အနီးတဝိုက်တွင် သွားလာ လှုပ်ရှားနေသည်ဟု တပိုးကျေးရွာသားများက ပြောသည်။
အလားတူ နိုဝင်ဘာလ ၁၄ ရက်နေ့ ညကလည်း ရှပ်ပုံကျေးရွာတွင် ရော်ဘာခြံလုပ်သား ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။
ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် အောက်တိုဘာလ ကတည်းက စစ်ကြောင်းထိုးနေသဖြင့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ အပါအဝင် ရွာသား ၁၀၀၀ ခန့်သည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။