စစ်ရှောင် NLD ပါတီဝင်တစ်ဦး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။  

ထားဝယ်မြို့တွင် စစ်ဘေးလာရှောင်နေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပါတီဝင်ဟောင်း တစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု မြို့ခံများက ပြောသည်။

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာမှ ထားဝယ်မြို့သို့ လာ‌ရောက်စစ်ရှာင်နေသည့် အသက် ၆၅ နှစ်အရွယ် ဦးအင်စွမ် ဆိုသူသည် နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးခံခဲ့ရ ခြင်း ဖြစ်သည်။

ဦးအင်စွမ်၏ အမျိုးသမီးဖြစ်သူ အသုဘကို ပို့ဆောင်ပေးပြီးနောက် ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်း ရပ်ကွက်ရှိ ‌ဇောတိကာရုံ ဘုန်းကြီးကျောင်း၌ ရှိနေချိန် အရပ်ဝတ်နှင့် ရဲတပ်ဖွဲ့ဝင်များက အိမ်စီးကားများဖြင့် ရောက်လာပြီး ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဝဲကျွန်းညောင်ရမ်း ရပ်ကွက်နေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက သူ့ခင်မျာ မိန်းမတောင် ရက် မလည် သေးဘူး။ ဘုန်းကြီးကျောင်းထဲမှာ ဝင်ပြီး အဖမ်းခံသွားရတာ။ အရပ်ဝတ်တွေနဲ့ဆိုတော့ ဖမ်းမယ်လို့ မထင်ဘူး ပေါ့။ နိုင်ငံရေးနဲ့ ပတ်သက်နေတယ် ဆိုပြီး ဖမ်းသွားတာလို့တော့ သိရတယ် ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်လယ်ပိုင်းက ကနက်သီရီကျေးရွာဘက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ စစ်ကြောင်း ထိုးလာမှုများကြောင့် ဦးအင်စွမ်နှင့် မိသားစုမှာ ထားဝယ်မြို့သို့ ပြောင်း‌ရွှေ့ နေထိုင်ကြခြင်း ဖြစ်သည်။

ဒေသတွင်း၌ အာဏာသိမ်း ဖြစ်စဉ် အစပိုင်း ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများကို စစ်ကောင်စီတပ်က ပြန်လည် ဖမ်းဆီး သွားမည်ဆိုသည့် သတင်းများလည်း ယခုရက်ပိုင်းထဲတွင်ပင် ထွက်ပေါ်နေခြင်းများကြောင့် စိုးရိမ်ပူပန် နေကြရကြောင်း ထားဝယ်မြို့ခံများက ဆိုသည်။

အလားတူ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း အမျိုးသားလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ဧည့်စာရင်းကိစ္စ အကြောင်းပြ၍ နေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများ ရှိနေသည်ဟု မြို့ခံအချို့က ပြောသည်။