လှေဆိပ်မသုံးရန် စာကြဲ သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အတွင်းရှိ လူသုံးများသော လှေဆိပ်ကို အသုံးမပြုရန် စစ်ကောင်စီက စာများကြဲချ၍ သတိပေးထားသည်ဟု ဒေသခံများက ပြောသည်။
တနင်္သာရီမြို့နယ် တမွတ်ချုံးကျေးရွာ အုပ်စုတွင်းရှိ အဓိက လှေဆိပ်တစ်ခု ဖြစ်သည့် ဘန်းသဲကျေးရွာ လှေဆိပ်ကို အသုံးမပြုရန် စစ်ကောင်စီတပ်မှ ဒရုန်းအသုံးပြုပြီး ခြိမ်းခြောက်စာများ ကြဲချခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။
ဘန်းသဲကျေးရွာလှေဆိပ်သည် တနင်္သာရီမြို့ကို လှေဖြင့် ကူးကာ သွားလာနိုင်သည့် လှေဆိပ်ဖြစ်ပြီး ပဝနှင့် တကူကျေးရွာ နယ်မြေနှစ်ခု အကြားက အဓိကကျသည့် ဆိပ်ကမ်းတစ်ခုလည်း ဖြစ်သည်။
နိုဝင်ဘာလဆန်းပိုင်း ကတည်းက စစ်ကောင်စီမှ ဘန်းသဲကျေးရွာလှေဆိပ်ကို ဆန်နှင့် စက်သုံးဆီ သယ်ယူခွင့် လုံးဝ ကန့်သတ် ပိတ်ပင်ထားခြင်း ဖြစ်ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး လူပါဖြတ်သန်းခွင့် မပြုကြောင်း ဒရုန်းနှင့် ခြိမ်းခြောက်စာများ ပစ်ချ၍ သတိပေးခဲ့ခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။
အသက် ၄၀ ခန့်အရွယ် ကူးတို့သမား တစ်ဦးက “နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး လူတွေ ဖြတ်သန်း သွားလာခြင်း မပြုဖို့ လှေဆိပ်က သစ်ပင်တွေ နံရံတွေမှာ စာလိုက်ကပ်ထားတယ်၊ အခုက ဒရုန်းနဲ့ပါ စာလာချ ပြီး သတိပေးတာ” ဟု ပြောသည်။
‘ဖြတ်သန်းသွားလာခြင်းကို တွေ့ရှိပါက ပစ်ခတ်ရှင်းလင်းမည်’ ဆိုသော စာသားကပ်ထားသည့် ပုလင်းခွံတစ်ခုကို ဒရုန်းဖြင့် ဆိပ်ကမ်းတွင် လာရောက်ချချိန်တွင် ကမ်းနားရှိ ခရီးသွားလာမည့် သူအချို့မှာ ထိတ်လန့်တကြား ဖြစ်ပြီး ရေထဲခုန်ချမှုများပင် ရှိခဲ့သည်ဟု ဘန်းသဲရွာသား တစ်ဦးက ပြောသည်။
လှေဆိပ်မှာ ရေလမ်းခရီးမှ သွားလာရလျှင် အနီးဆုံး လမ်းတစ်လမ်းဖြစ်ပြီး ကုန်သယ်ယူခွင့်နှင့် လူများပါ ပေး မဖြတ်တော့သဖြင့် ကျန်းမာရေးကိစ္စ အရေးပေါ်ဖြစ်လာမည်ဆိုပါက အခြားလမ်းမှ ပတ်သွားရကြရမည့် အခြေအနေဖြစ်လာသောကြောင့် အခက်အခဲများစွာ ရှိလာနိုင်သည်ဟု ရွာသားများက ဆိုသည်။
ဘန်းသဲရွာလှေဆိပ်ကို ယခုကဲ့သို့ ပိတ်လိုက်ခြင်းမှာ စစ်ကောင်စီက တနင်္သာရီမြို့နယ်ထဲရှိ ကျေးရွာများဘက်သို့ ဆန်၊ ရိက္ခာနှင့် စက်သုံးဆီများကို ဖြတ်တောက်နေခြင်း ဖြစ်ပြီး သွားလာရေးအပိုင်းကိုပါ တင်းကြပ်လိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် တစ်ပတ်မှ စတင်ပြီး မြိတ်မြို့အထွက် ပသောင်းတံတားရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တွင် တနင်္သာရီမြို့နယ်ဘက်သို့ တင်ပို့မည့် ကုန်တင်ကားများကို သက်ဆိုင်ရာ ရပ်ကျေးထောက်ခံစာနှင့် ကုန်ပစ္စည်းစာ
ရင်း အတိအကျကို စစ်ဆေးမှုများ ရှိနေသည်ဟု ကုန်ကားမောင်းသူများက ပြောသည်။
တနင်္သာရီမြို့နယ်သည် တိုင်းအတွင်း၌ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည့် မြို့နယ်တစ်ခု ဖြစ်ပြီး မြိတ်ခရိုင်အတွင်းက မြို့နယ်များအနက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အများစု အခြေစိုက်ရာ ဒေသလည်း ဖြစ်သည်။