SNA တပ်စခန်း နှစ်ခုကို KIA ပူးပေါင်း တပ်များ သိမ်း 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။ 

ကချင်ပြည် နှင့် စစ်ကိုင်းတိုင်း နယ်အစပ်၊ ဆယ်ဇင်းကျေးရွာ အနီးရှိ ရှမ်းနီ အမျိုးသားများ တပ်မတော် SNA ၏ တပ်စခန်း နှစ်ခုကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပူးပေါင်းတပ်တို့က သိမ်းပိုက်နိုင်ခဲ့သည်။

KIA၊ PDF ပူးပေါင်းတပ်တို့က ဆယ်ဇင်းကျေးရွာအနီးရှိ ရှမ်းနီ အမျိုးသားများ တပ်မတော်၏ စခန်းနှစ်ခုကို နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း PDF ရှေ့တန်း သတင်း အရင်းအမြစ်က ပြောသည်။

PDF ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦး က ဆမ်းပန်ကုန်းစခန်းကို သိမ်းတာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်း အစပ်ပေါ့၊ အဓိက စခန်း ဆမ်းပန်ကုန်းက သူတို့ရဲ့ ဗျူဟာကုန်း တစ်ခုလို တည်ဆောက်ထားတာ အတော် အရေး ပါတယ်။ အင်အားက ၂၀၀ နဲ့ ၃၀၀ ကြား လောက် ဖြစ်မယ်ဗျ ဟု ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် SNA ဘက်မှ တပ်သားများ အကျအဆုံးများခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိခဲ့ကြောင်းနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဘက်တွင်လည်း ၇ ဦးကျသွားခဲ့ကြောင်း ၎င်း PDF ရှေ့တန်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။

၇ ယောက်ကျတယ် ကိုယ့်ဘက်က သူတို့ဘက်ကတော့ များတယ်။ ထိခိုက်ဒဏ်ရာရတာလည်း များတယ်၊ SNA ဘက်က ၄ ယောက် ဖမ်းမိတယ်၊ သူတို့ဘက် ကျတဲ့အရေးအတွက်တော့ မပြောတက်ဘူး လက်နက်ခဲယမ်း တွေလည်း သိမ်းရတယ်ဗျ ဟု ပြောသည်။

KIA နှင့် PDF ပူးပေါင်းတပ်တို့ သိမ်းပိုက်ရရှိခဲ့သည့် စခန်းများမှာ ဆမ်းပန်ကုန်းစခန်းနှင့် ရွှေတွင်းတပ်စခန်းတို့ ဖြစ်ပြီး ၎င်းတိုက်ပွဲအား နိုဝင်ဘာလ လဆန်းမှ စတင်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရက်ပေါင်း ၂၀ ခန့် တိုက်ခိုက်ခဲ့ရ သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ၇ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ဒေသခံ ပြည်သူများမှာ ဘေးလွှတ်နိုင်မည့် နေရာများတွင် ကြိုတင် တိမ်းရှောင်နေကြသောကြောင့် ထိခိုက်မှုမရှိခဲ့ဟု ဆယ်ဇင်းရွာခံများက ပြောသည်။

ဆယ်ဇင်းရွာခံ တစ်ဦးက “ဒေသခံတွေ ပြည်သူတွေ ထိခိုက်တာ မရှိပါဘူး။ သူတို့စခန်းတွေက အပြင် ဘက် ရောက်တော့လေ လေကြောင်းနဲ့ ပေါင်း ၇ ကြိမ်လောက်ရှိတယ်ဟုဆိုသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်တွင် SNA တပ်၏ ဆမ်းပန်ကုန်း စခန်း၊ ရွှေတွင်း စခန်း၊ ဆယ်ဇင်း စခန်း၊ ပန်ချယ် စခန်း၊ ရှစ်မျက်နှာ စခန်း နှင့် လမ်းဆုံစခန်း တို့ရှိသည်။

ရှမ်းနီ အမျိုးသားများ တပ်မတော် SNA သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ ကချင်ပြည်ထဲက ဖားကန့်မြို့နယ်၊ စစ်ကိုင်းတိုင်းထဲ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ် နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲထိပါ စစ်ရေး လှုပ် ရှားနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။