ရှမ်းပြည်တောင်ပိုင်းတွင် လူဦးရေ တိုးလာသဖြင့် ကုန်ဈေးနှုန်းများတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။ 

ရှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်များတွင် နိုဝင်ဘာလအတွင်း ရွှေ့ပြောင်းခိုလှုံသူများ တိုးလာပြီး နောက်ပိုင်း အခြေခံ စားသောက်ကုန်ဈေးနှုန်း အဆမတန် ဈေးတက်လာသည်ဟု ဈေးသည်နှင့် ဈေးဝယ်များက ပြောသည်။

တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေမြို့တို့တွင် ရောင်းချနေသည့် ဈေးနှုန်းအရ ယခင် အာလူး တစ်ပိဿာ ၄ ထောင် ကျပ်ဝန်းကျင်မှ တစ်သောင်းကျပ်၊ ပန်းဂေါ်ဖီ ၂ ထောင်ကျပ်ဝန်းကျင်မှ ၄ ထောင်ကျပ်၊ ဟင်းရွက် (မျိုးစုံ) ၈ ရာ ကျပ်မှ ၁,၅၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄ ထောင်ကျပ်မှ ၉ ထောင်ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၃ ထောင်ကျပ် ဝန်းကျင်မှ ၆ ထောင်ကျပ်ဝန်းကျင်၊ ကြက်သွန်ဖြူ တစ်သောင်းကျပ်မှ အမျိုးစားပေါ်မူတည်ပြီး ၂ သောင်းခွဲကျပ်အထိ အသီးသီး ပေါက်ဈေးရှိနေသည်။

စစ်ကောင်စီက ဖြတ် ၄ ဖြတ် ပိတ်ဆို့ထားသည့် ရှမ်းမြောက်ဒေသတွင်း နေထိုင်သူများမှာ ရှမ်းတောင်ဒေသသို့ နေ့စဉ်နှင့်အမျှ ရွှေ့ပြောင်း လာနေကြပြီး လူဦးရေနှင့် ရောင်းလိုအား မမျှသဖြင့် ဈေးတက်လာရခြင်း ဖြစ်သည်။

အောင်ပန်းမြို့ရှိ ပွဲရုံပိုင်ရှင် တစ်ဦးက အင်းလေး၊ ပင်လောင်း၊ ပုန်းအင်းတို့ဘက်မှာ စပါးမစိုက်ကြတော့ဘူး။ ပင်းတယ၊ ရွာငံဘက်ကလည်း ခရမ်းသီး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်တွေ အဝင်နည်းလာတယ်။ လူငယ်တွေက စိုက်တဲ့သူ မရှိတော့ဘူးဗျာ့။ အဝေးရောက်ကုန်ကြပြီ။ အခုက ဒေသတွင်းမှာကို ရောင်းမလောက်တာ ဟု ပြောသည်။

ထို့အပြင် ဝက်သား တစ်ပိဿာ ကျပ် ၁၈,၀၀၀ မှ ကျပ် ၃ သောင်းခွဲ၊ ကြက်သား တစ်ပိဿာ ကျပ် ၁၂,၀၀၀ မှ ၃၂,၀၀၀ ကျပ်ဝန်းကျင်၊ အမဲသား တစ်ပိဿာ ကျပ် ၂ သောင်းမှ ၂ သောင်းခွဲကျပ်အထိ အသီးသီး ဈေးတက်လာ ပြီး အခြေခံ လူတန်းစားများအတွက်ပင် ဝယ်ယူရန် ခက်ခဲလာသည်ဟု ရှမ်းမြောက်မှ တောင်ကြီးမြို့တွင်း ပြောင်းရွှေ့ခိုလှုံနေသည့်  စစ်ဘေးရှောင် ဒေါ်မြသိန်းက ပြောသည်။

အရင်ကဆို အသားဘာဝယ်ဝယ် ၅ ထောင်ဖိုး ရောင်းပေးတယ်။ အခုက တစ်သောင်းဖိုး ဝယ်ရတယ်။ ခရမ်းချဉ်သီး ငပိချက်တစ်ခွက်ရဖို့တောင် တစ်သောင်းနီးပါး ကုန်နေတယ်။

ကုန်စိမ်းများ ဈေးတက်မှုကြောင့် တော်လှန်ရေး တပ်ဖွဲ့များ၊ စစ်ဘေးရှောင်စခန်း၊ ထောင်ဝင်စာပို့သူ၊ အခြေခံ လက်လုပ်လက်စား၊ တစ်နိုင်တစ်ပိုင် အစားအသောက် ရောင်းချသူများအတွက် စားဝတ်နေရေး ခက်ခဲလာနိုင် သည်ဟု ဆိုကြသည်။

ရှမ်းမြောက်ဒေသအား ဆန်အပါအဝင် စားသောက်ကုန်ပစ္စည်း၊ လောင်စာဆီ၊ လူသုံးကုန်ပစ္စည်းများ အမျိုးမျိုးတို့ သယ်ယူခွင့်အား စစ်ကောင်စီက ပိတ်ပင်ထားပြီး မိုင်းကိုင်မြို့နယ်၊ လွယ်မောကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် နေ့စဉ် သိမ်းဆည်းလျက် ရှိသည်။

၁၀၂၇ စစ်ဆင်ရေး၊ ပထမပိုင်း၊ ဒုတိယပိုင်း၊ တစ်လေးလုံး စစ်ဆင်ရေး၊ ရှမ်း – ကရင်နီ နယ်စပ် တစ်လျှောက် တိုက်ပွဲများအတွင်း ပြောင်းရွှေ့လာသူများကြောင့် ရှမ်းတောင်ဒေသရှိ လူဦးရေမှာ ၃ ဆခန့်ထိ တိုးလာပြီး ကုန်ဈေးနှုန်းနှင့် အလုပ်အကိုင် ရှားပါးမှုများကိုပါ ရင်ဆိုင်နေကြရသည်။