ဖယ်ခုံမှ ထွက်ပြေးလာသော စစ်ရှောင်များ နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိဝင်ဘာလ ၂၂ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်မှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအား နေရပ် ပြန်ကြရန် စစ်ကောင်စီက ဖိအားပေးနေသည်ဟု စစ်ဘေးရှောင်များကို အကူအညီ ပေးနေသူ များက ပြောသည်။
ဖယ်ခုံမြို့မှ ဆိုင်ကယ်ဖြင့် ၄၅ မိနစ်ခန့်သာ သွားလာရသည့် မိုးဗြဲမြို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိသော် လည်း ပင်လောင်းနှင့် ညောင်ရွှေမြို့နယ်ရှိ ဖယ်ခုံ စစ်ဘေးရှောင်များအား ယခု ရက်သတ္တပတ်အတွင်း နေရပ်ပြန် ကြရန် စစ်ကောင်စီက ညွှန်ကြားထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။
စစ်ဘေးရှောင်များအနေဖြင့် မိမိရောက်ရှိနေသည့် သက်ဆိုင်ရာ မြို့နယ်/ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများတွင် ထောက်ခံစာတစ်စောင် ရရုံဖြင့် နေရပ်ပြန်နိုင်ပြီး လုံခြုံရေးအတွက်လည်း ဖယ်ခုံမြို့အခြေစိုက် စကခ – ၇ မှ တာဝန်ယူပေးမည်ဟု စစ်ကောင်စီက ၎င်းတို့ လက်အောက်ခံ ထွေအုပ်ဦးစီးဌာနမှ တဆင့် ဝါဒဖြန့်ခိုင်းထား သည်ဟု စစ်ရှောင်ကူညီသူ တစ်ဦးက ပြောသည်။
လက်ရှိ ဖယ်ခုံမြို့ပေါ်တွင် တိုက်ပွဲများ ငြိမ်နေသော်လည်း မြေမြုပ်မိုင်းများ မရှင်းလင်းရသေးသည့်အပြင် လက်နက်ကြီးနှင့် လေကြောင်း အန္တရာယ်များကို စိုးရိမ်နေရသေးသဖြင့် ပြန်ရန်မသင့်သေးဘူးဟု ကရင်နီ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့မှ မြေပြင် အရင်းအမြစ် တစ်ဦးက ပြောသည်။
“ပြန်လို့မရသေးဘူးနော်။ ခွေးတွေ ရှိသေးတယ်ဗျာ့။ ကျနော်တို့ကတော့ သတိပေးစာတွေ တင်ပေးမယ်၊ သတိ ပေးတဲ့ Post တွေ တင်မယ်။ ပြီးတော့စကားတွေကို ချင့်ချိန်ယုံကြဖို့ ကျနော်တို့က သတိပေးတာပဲ လုပ်ပေးလို့ ရမှာပေါ့။ တကယ်တမ်း ပြန်သွားလိုက်တယ်ဆိုရင်လည်း ဘာမှလုပ်ပေးလို့ မရဘူးဗျာ။”
အလားတူ စစ်ကောင်စီကို ထောက်ခံသည့် အကောင့်တုများမှ (facebook) လူမှုကွန်ယက်စာမျက်နှာ ပေါ်တွင် တိုက်ပွဲများ ပြီးဆုံးပြီဖြစ်၍ ဒေသခံများ နေရပ်ပြန်ကြရန် လိမ်ညာဝါဒဖြန့်ထားသည်။
ဖယ်ခုံမြို့ပေါ်တွင် တော်လှန်ရေး အင်အားစု၊ အိမ်စောင့် အမျိုးသားများနှင့် သူခိုးများဦးရေ စုစုပေါင်း ၁၀ ရာခိုင် နှုန်းခန့်သာ ကျန်ရှိပြီး အားလုံးနီးပါး စစ်ဘေးရှောင်နေရသည်ဖြစ်ရာ နေရပ်ပြန်လာသူများအား စစ်ကောင်စီက ပေါ်တာဆွဲနိုင်ခြေ ရှိသည်ဟု အသက် ၃၀ ကျော်အရွယ် မြေပြင်အရင်းအမြစ် တစ်ဦးက ပြောသည်။
“ကျနော်တို့ သွားထုတ်တုန်းက တော်တော်များများ မရှိတော့ဘူးပေါ့နော်။ ကျန်တဲ့လူတွေက ယောက်ကျား လေး သုံးလေးယောက်ပေါ့။ တကယ်တမ်း ထိုးလာရင် သူတို့ကလည်း ပြေးမှာပဲ။ ပြောရမယ်ဆို ရပ်ကွက် လုံခြုံရေးပေါ့။ သူခိုးတွေ ကြားထဲမှာ သူစိမ်းတွေ လာနေကြတယ်လေ။ စစ်ရှောင်ထွက်သွားပြီဆိုတာနဲ့ မသိတဲ့ လူတွေက လာနေကြတယ်။ ထွက်ခိုင်းလည်း မထွက်ဘူးပေါ့နော်။ စစ်ရှောင်ပါ ဘာညာ ဆိုပြီးတော့ လုံခြုံရေး အရနေခဲ့တယ်။ သူတို့လည်း လွတ်လမ်းတော့ ရှာထားတယ်ပေါ့နော်။”
ပင်လောင်း – ဖယ်ခုံလမ်းမှ တဆင့် မိုးဗြဲမြို့ရှိ ခလရ ၄၄၂ တပ်ရင်းသို့ စစ်ကောင်စီက အင်အား ဖြည့်တင်း လျက် ရှိပြီး မိုးဗြဲရောက် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းစစ်ကြောင်း မှာလည်း ဖယ်ခုံမြို့သို့ ပြန်လှည့် ကာ နောက်ပြန်စစ်ကြောင်း ထိုးလာနိုင်သဖြင့် နေရပ်မပြန်ကြသေးရန် ညွှန်ကြားထားရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဖယ်ခုံမြို့နယ်၊ ဘူချယ်ကျေးရွာတွင် နိုဝင်ဘာလ ၁၁ ရက်နေ့က အရပ်သား ၂၀၀ ကျော်အား စစ်ကောင်စီတပ်က လမ်းပြရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး အများစုကို ပင်လောင်းမြို့ အားကစားကွင်းတွင် နိုဝင်ဘာလ တတိယပတ်ထိ ချုပ်နှောင်ထားဆဲ ဖြစ် သည်။
၎င်းတို့အနက် အမျိုးသမီး အများစုကိုသာ ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားများအား စစ်မှုထမ်းရန် ပြည်သူ့စစ်အဖွဲ့ ဖြစ်သော PNA က ခေါ်ယူ ထားသည်ဟု နီးစပ်သူများက ပြောသည်။
အလားတူ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင်လည်း ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးရွာသား အမျိုးသား အယောက် ၂၀ ခန့်ကို စစ်ကောင်စီက လမ်းပြအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ၁၈ ဦး အား ထောင်ဒဏ် ၃ နှစ်စီ စီရင်ချက် ချခဲ့သော်လည်း ၂ ဦးမှာ စစ်ကြောရေးတွင် သေဆုံးခဲ့ရသည်။
လက်ရှိ မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီး မိုးဗြဲ – လွိုင်ကော် – ဘောလခဲ – ဖားဆောင်း လမ်းအတိုင်း ထပ်မံ စစ်ကြောင်းထိုးရန် စစ်ကောင်စီက ပြင်ဆင်နေသည်ဟု မြေပြင်အရင်းအမြစ်များက ပြောသည်။