စစ်သား စုဆောင်းခံရသူ တစ်ဦး လက်နက်နှင့် ဘက်ပြောင်းခိုလှုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီစခန်းကို ရောက်ရှိနေသူတစ်ဦး မှာ နွေဦးပြောက်ကျားတပ်ဖွဲ့ဆီသို့ သေနတ်နှစ်လက်နှင့်အတူ ဘက်ပြောင်းခိုလှုံခဲ့သည်။
ဘက်ပြောင်းခိုလှုံလာသူမှာ စစ်မှုထမ်းသင်တန်း ဆင်းပြီးနောက် ထားဝယ်မြို့နယ် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲ မှု ဌာနချုပ် (စကခ-၈) လက်အောက်ခံ ခလရ – ၂၆၇ တပ်ရင်းသို့ ပို့ဆောင်ခံရသည့် ကိုကျော်သက်ဦး ဆိုသူ ဖြစ်သည်ဟု နွေဦးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
နွေဦးပြောက်ကျားတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက “စစ်မှုထမ်းဖို့ အစကတည်းက ဝါသနာမပါပါဘူး။ အဓမ္မ စုဆောင်းခံလိုက်ရတာ၊ ထွက်ပြေးဖို့ အမြဲ ကြိုးစားနေပေမဲ့ အခွင့်မသာခဲ့တာကြောင့် အခုမှထွက်လာရ တာ” ဟု ပြောသည်။
ကိုကျော်သက်ဦးနှင့် အတူ MA-1 သေနတ် နှစ်လက်၊ ကျည်ဘောက် ၅ ခုနှင့် ကျည်ဆံနှစ်ရာကျော်ကိုလည်း ယူဆောင်လာခဲ့သည်ဟု နွေဦးပျောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထားဝယ်အခြေစိုက် တပ်ရင်းမှ တဆင့် ကျောက်နီမော်ကျေးရွာရှိ မိုက်ခရိုဝေ့ဖ်တောင် စခန်းကုန်းကို ပို့ဆောင် ခံခဲ့ရပြီးနောက် နိုဝင်ဘာလ ၂ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆီသို့ ဆက်သွယ်ကာ အလင်းဝင်လာခြင်း ဖြစ်သည်။
လက်ရှိတွင် ကိုကျော်သက်ဦးကို ဂုဏ်ပြုဆုငွေအဖြစ် ကျပ်သိန်း ၈၀ ချီးမြှင့်ပေးခဲ့ပြီး ဘေးကင်းလုံခြုံ စိတ်ချရ သည့် နေရာကို ပို့ဆောင်ပေးထားပြီး ဖြစ်သည်ဟု နွေဦးပြောက်ကျား တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့က ကျောက်နီမော်ကျေးရွာနှင့် အနီးအနား ကျေးရွာများကို အင်အား တစ်ရာကျော်ဖြင့် စစ်ကြောင်းထိုး ရှာဖွေခြင်းများနှင့် ရွာသားတွေကို ဖမ်းဆီးပြီး စစ်ဆးမေးမြန်းခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း ရွာသားများက ပြောသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတင်းအကြပ် ပြဌာန်းခဲ့ပြီးနောက် ပြည်တွင်း၌ ပုံစံအမျိုးမျိုးဖြင့် စစ်မှုထမ်း ခေါ်ယူနေသည့်အပြင် ပြည်ပတွင် ပြစ်ဒဏ်ကျခံပြီးနောက် ထိုင်းနယ်စပ်ဂိတ်မှ ပြန်ပို့ခံရသူများကိုလည်း စစ်မှုထမ်းရန် အတွက် အတင်းအကြပ် လူသစ်စုဆောင်းနေကြောင်း ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေး တပ်ဖွဲ့ တာဝန်ရှိသူများက ပြောဆိုသည်။