လှေဆိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ရွာသား ၅ ဦးကို ဖမ်းဆီးသွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။ 

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာလှေဆိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ရွာသားသား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ရွာသားများက ပြောသည်။

လှေဆိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးများစုစုပေါင်း အင်အား ၁၀ ကျော်ခန့်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ့ ၄ နာရီခွဲခန့်က ဒရုန်းဖြင့်တိုက်ခိုက်ခံခဲ့ရသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုအပြီးမှာပင် ဝါရစ်ကျေးရွာနှင့် ဆန်းသစ်ကျေးရွာမှ ရွာသား ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့က သတင်းပေးများဟုဆိုကာ စွပ်စွဲပြီး ဖမ်းဆီးလိုက်ခြင်း ဖြစ် သည်။

ကျွန်းစုမြို့နယ် ပကဖအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက သံသယနဲ့ သတင်းပေးဆိုပြီး ဖမ်းသွားတာပါ၊ ဝါရစ်က လင်မယား နှစ်ယောက်ဆိုရင် လှေငယ်လေးနဲ့ ကူးတို့ပြေးဆွဲနေတာပါ၊ သူတို့ လှေကမ်းကပ်တာနဲ့ ဒရုန်း တိုက်ခိုက်ချိန်က ကွက်တိဖြစ်သွားတော့ သံသယနဲ့ ဖမ်းလိုက်တာပါ ဟု ပြောသည်။

တိုက်ခိုက်မှုကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းစုမြို့နယ် ပကဖအဖွဲ့ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

ဒဏ်ရာရရှိခဲ့သူ ၄ ဦးအနက် ၂ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရလောက်အောင် ပြင်းထန်ခဲ့ကြောင်း အဆိုပါ ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

ဖမ်းဆီးခံရသူ ၅ ဦးကို ဝါရစ်ကျေးရွာအနီးရှိ မောင်းလှော်ကျေးရွာတွင် ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေကြောင်း ရွာသားများက ဆိုသည်။

တနင်္သာရီမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်ကျွန်းစုမြို့နယ်က ဝါရစ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က အင်အား အများအပြားနှင့် တပ်စွဲထားကာ မြစ်ချောင်းတလျောက် သွားလာနေသည့် စက်လှေများကို ငွေကြေး ကောက်ခံခြင်းနှင့် အတင်းဖိအားပေး ချောဆွဲခိုင်းခြင်းများ ပြုလုပ်လျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။