သန်းခေါင်စာရင်း လိုက်ကောက်သည့် စစ်တပ်က ရွာသား နှစ်ဦးကို ဖမ်းဆီး။
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။
တစ်ရွာဝင် တစ်ရွာထွက် သန်းခေါင်စာရင်း လိုက်ကောက်နေသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်က အရပ်သား ၂ ဦးကို ဖမ်းဆီးသွားသည်ဟု ကော့သောင်မြို့နယ်ရှိ ရှမ်းကိုးကျေးရွာသားများက ပြောသည်။
ရေတွင်းတောင်ကျေးရွာမှ အသက် ၅၀ နှစ်အရွယ် ဦးခင်ဦးနှင့် အသက် ၃၈ နှစ်အရွယ် ကိုကျော်စိုးတို့ ၂ ဦးကို သန်းခေါင်စာရင်း ကောက်ယူရန်လာသည့် စစ်ကောင်စီစစ်ကြောင်းမှ မသင်္ကာဖွယ်ရာ လူများဖြစ်သည်ဟု ဆိုကာ နိုဝင်ဘာလ ၂၀ ရက်နေ့က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
မိသားစုနှင့် နီးစပ်သူ တစ်ဦးက “အခြေအနေ အသေးစိတ်ကိုတော့ မသိပါဘူး။ ဖမ်းသွားတာတော့ နှစ်ရက်ရှိပြီ ပေါ့၊ ဘာလို့ ဖမ်းတာလည်းဆိုတာလည်း တိတိကျကျ မသိဘူးဗျ။ တစ်ခုခု သံသယရှိလို့ ဖမ်းတာလို့ပဲ ပြော တယ်။ ဖမ်းတဲ့ စစ်သားတွေကတော့ ရွာထဲ သန်းခေါင်စာရင်း လာကောက်ကြတဲ့ စစ်ကြောင်းလို့ ပြောတာပဲ” ဟု ပြောသည်။
အဆိုပါ သန်ခေါင်းစာရင်းကောက်သည့် စစ်ကောင်စီစစ်ကြောင်းမှာ နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၄ နာရီ အချိန်ခန့်တွင် ရေတွင်းတောင်ကျေးရွာထဲမှ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့မှစပြီး တနင်္သာရီတိုင်း၊ ကော့သောင်မြို့နယ်၊ ရှမ်းကိုးရွာဒေသအတွင်းရှိ မာရမ်း၊ ဆိပ်ဖူး၊ အောင်ချမ်းသာ၊ ရေတွင်းတောင်စသည့် ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့က စေတနာ့ဝန်ထမ်းများ မပါဘဲ ကိုယ်တိုင်ကိုယ်ကျ သန်းခေါင်စာရင်း လိုက်လံကောက်ယူနေခြင်း ဖြစ်သည်။
အသက် ၅၀ နှစ်အရွယ် ရှမ်းကိုးရွာ ဒေသခံ အမျိုးသားတစ်ဦးက “စစ်တဲ့အိမ်တွေကို အိမ်ထောင်စု စာရင်းနဲ့ အိမ်မှာနေတဲ့ လူဦးရေ တိုက်ပြီးစစ်တယ်။ မရှိရင် ဘယ်သွားလဲ ဘာညာမေးတယ်။ အတင်းအဓမ္မ အိမ်တွေ အပေါ်တက်တာ ဖိနပ်တွေလည်း မချွတ်ဘူး” ဟု ပြောသည်။
စစ်ကောင်စီတပ်က သန်းကောင်စာရင်း ကောက်ယူခြင်းကို အိမ်တိုင်းတွင် ကောက်ယူခြင်းမျိုး မဟုတ်ဘဲ သံသယရှိသည့် အိမ်များနှင့် သိပ်မရင်းနှီးသည့် အိမ်များတွင်သာ ကောက်ယူခဲ့ပြီး သန်းခေါင်စာရင်း ကောက်ယူ ပြီးစီးကြောင်း အထောက်အထား စာရွက်များကို အိမ်တိုင်းတွင် လိုက်လံကပ်နေသည်ဟု ရှမ်းကိုးရွာသားများက ပြောသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အောင်ချမ်းသာကျေးရွာ အနီး၌ သန်းခေါင်စာရင်း လိုက်ကပ်နေသည့် စစ်ကောင်စီ စစ်ကြောင်းကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း ပကဖ အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့ မှ ၁၅ ရက်နေ့အထိ ကောက်ယူသွား မည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မကောက်ယူရသေးသည့် နေရာများကို အောက်တိုဘာ ၃၁ ရက်နေ့ အထိ ရက်တိုး ကောက်ယူသွားမည် ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။
သို့သော်လည်း နိုဝင်ဘာလထဲ အထိ စစ်ကောင်စီမှ သန်းခေါင်စာရင်းကို ဆက်လက် ကောက်ယူနေပြီး ပုလော၊ မြိတ်၊ တနင်္သာရီနှင့် ကော့သောင်းမြို့နယ်များတွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဆက်လက် ကောက်ယူနေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။