စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် ကရင်နီစစ်ရှောင်ကျောင်း အချို့ ပိတ်ထားရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။
ကရင်နီပြည်ထဲ စစ်ကောင်စီတပ်က နိုဝင်ဘာလဆန်းပိုင်းကနေ တတိယပတ်ထိ လက်နက်ကြီး ပစ်ခတ်မှုများကို ဆက်တိုက် လုပ်နေသောကြောင့် ကျောင်းအချို့ပင် ပိတ်ထားရသည်ဟု စစ်ရှောင်များက ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုများကြောင့် နေရာအချို့တွင် ကျောင်းများ ပိတ်ထားရသည့် အပြင် ဒေသခံပြည်သူများနှင့် စစ်ရှောင်များ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာ ရရှိမှုများနှင့် အိုးအိမ်၊ အဆောက်အအုံနှင့် ရပ်ရွာများ ထိမှန် ပျက်စီးမှုများ ရှိလာနိုင်သည့် အပေါ် စိုးရိမ်နေကြသည်။
စစ်ကောင်စီတပ်က လွိုင်ကော်မြို့မှ မိုးဗြဲမြို့နှင့် ဒီးမော့ဆိုမြို့နယ်ဘက်ကို လက်နက်ကြီးဖြင့် နိုဝင်ဘာလ တတိယပတ်ထိ ပစ်ခတ်မှုများကို နေ့ရော ညပါ ဆက်တိုက် လုပ်နေသောကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံ က စိုးရိမ် ကြောက်လန့် နေကြသည်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက အခြေအနေများနှင့် ပတ်သက်၍ ဒေသခံ အမျိုးသမီးတစ်ဦးက “ထပြေး ရမှာလား၊ အဲ့လက်နက်ကြီး ပစ်လာတဲ့ဟာက ကိုယ့်ဆီ ရောက်မှာလား။ အဲ့လိုမျိုး စိုးရိမ်မှု ရှိတယ်။ အိပ်လို့မရ ဘူး။ အိပ်လို့ မပျော်ဘူး။ လက်နက်ကြီး ပြီးရင် လေယဉ် လာမှာလား။ အဲ့လက်နက်ကြီး သံကြားရင် မပျော် ဘူး ပေါ့နော်။ မိသားစု အတွက်လည်း စိုးရိမ်ရတယ်။ အားလုံး အတွက်လည်း စိုးရိမ်တယ်။ ကျောင်း တက်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အတွက်လည်း စိုးရိမ်တယ်ပေါ့နော်။ အရင်နှစ်ကလိုမျိုး ထပ်ပြေးရမှာ ကြောက် တယ်ပေါ့နော်” ဟု ပြောသည်။
စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများ လုပ်နေသည့်အတွက် ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စာသင် ကျောင်းအချို့ကို ပိတ်ထားရသည်ဟု စစ်ရှောင်များက ပြောသည်။
စစ်ဘေးရှောင် အမျိုးသားတစ်ဦးက “လက်နက်ကြီးတွေ ထုလို့ ယာယီ ပိတ်ထားရတယ်။ သူတို့ဆီမှာ လာမှာ လည်း သူတို့လည်း စိုးရိမ်တာပေါ့” ဟု ပြောသည်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက လော်ခိုသာကျေးရွာရှိ ရောင်ခြည်ဦး အလယ်တန်းကျောင်းနှင့် ဆီဆန်းခိုကျေးရွာရှိ အထက်တန်းကျောင်းတို့ကို ပိတ်ထားရသည်ဟု အဆိုပါ စစ်ရှောင်အမျိုးသားက ပြောသည်။
တစ်လေးလုံးစစ်ဆင်ရေး ဖြစ်ပွားပြီးနောက် လွိုင်ကော်မြို့တွင် တိုက်ပွဲများ ရပ်နားထားသလို စစ်ကောင်စီက လည်း လက်နက်ကြီးနှင့် ပစ်ခတ်မှု၊ လေယာဉ်ပျံဝဲမှုများ မရှိဘဲ အချိန်အတော်ကြာ ရပ်နားထားခဲ့သည်။
သို့သော် ယခုလတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများကို ဆက်တိုက် ပြန်လည် လုပ်လာ သည့်အတွက် စိုးရိမ်မှုများရှိနေသည်ဟု လွိုင်ကော်ဒေသခံများက ပြောသည်။
လွိုင်ကော် ဒေသခံ အမျိုးသမီးတစ်ဦးက “လက်နက်ကြီး ထုသံ မကြားရတာတော့ တော်တော်ကြာပြီ။ ၆ လ လောက် ရှိပြီ ထင်တာပဲ။ မကြားရဘူး။ ပြန် ကြားရတဲ့ အချိန်မှာ တကယ် လန့်မိတယ်။ ဒီရက်လည်း ထုတယ်။ တစ်နေကုန် ထုတယ်။ ပြီးတော့ တိုက်လေယာဉ်လည်း ဝဲနေတယ်ပေါ့နော။ ဒီလက်နက်ကြီးသံ၊ တိုက်လေယာဉ် သံ ကြားရတော့ ထပ်ပြေးရမှာလား။ စစ်ထပ်ရှောင်မှာလား။ ပြီးတော့ ဗုံးခိုကျင်းတွေထဲမှာ ပြန်အောင်းနေရမှာ လား ဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်” ဟု ပြောသည်။
ကရင်နီပြည် လွိုင်ကော်မြို့နှင့် ရှမ်း-ကရင်နီအစပ် ဖယ်ခုံမြို့တို့တွင် စစ်ကောာင်စီတပ်ဘက်က စစ်အင်အား ဖြည့် တင်းနေမှုများနှင့် အတူ စစ်ရေးလှုပ်ရှားမှုများကို ယခုလအတွင်း ပိုလုပ်လာသည်ဟု ကရင်နီပြည် အခြေစိုက် ဒေသတွင်း စစ်ရေးလှုပ်ရှားနေသည့် ကရင်နီ တော်လှန်ရေးပူးပေါင်းတပ် မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။
စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားခြင်းမျိုး မရှိဘဲ ရေဘေးရော စစ်ဘေးကြောင့်ပါ ဘေးလွှတ်ရာကို ရှောင်နေကြရ သည့် ဒေသခံများ၊ စစ်ရှောင် ပြည်သူများ ရှိနေသော နေရာ၊ ရပ်ရွာများ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည့်အတွက် စာရင်းအတိအကျ မသိရသေးသော်လည်း အပြစ်မဲ့ ပြည်သူများ ထိခိုက်မှု၊ သေဆုံးခဲ့ရမှု များ ရှိနေသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် အကူအညီ ပေးနေသူများက ပြောသည်။