စစ်ကောင်စီ ဒရုန်းသာလွန်အင်အားကြောင့် လွိုင်ကော်စစ်မျက်နှာ အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်။
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ဒရုန်းသာလွန် အင်အားများဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်မှုကြောင့် မြေပြင် တပ်ဖွဲ့များ အခက်ကြုံနေရသည်ဟု တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
လွိုင်ကော်မြို့၊ သစ်တပင်တောင် (View Point)မှ ဒရုန်းများ ညစဉ်လွှတ်တင်ပြီး စစ်ကောင်စီတပ်က ကင်းထောက် နေသည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။
မိုးဗြဲတိုက်ပွဲ ပြင်းထန်နေသည့် ယခုရက်သတ္တပတ်အတွင်း မိုးဗြဲ၊ လွိုင်ကော်၊ နန်းမယ်ခုံ ဒေသများအား စောင့် ကြည့်နေခြင်း ဖြစ်ပြီး ဒရုန်း သာလွန်အင်အားများကြောင့် တော်လှန်ရေး အင်အားစုများအတွက် မြေပြင်တွင် အခက်ခဲကြုံနေရသည်ဟု ဆိုသည်။
ဝရဇိန်ဒရုန်းတပ်ဖွဲ့ တာဝန်ခံ တစ်ဦးက “ရုရှားနဲ့ တရုတ်ကထုတ်တဲ့ တကယ့် စစ်သုံး အဆင့် ပေါ့လေ။ ဝိတ်အများကြီး တင်ပြီး အကြာကြီး၊ အဝေးကြီး ပျံနိုင်တဲ့ဆိုတဲ့ဟာတွေ ရှိနေနိုင်တယ်။ အဲ့ဒါတော့ တိုက်ပွဲတိုင်းမှာ သူတို့ သုံးနေမှာ မဟုတ်ဘူး။ ကျနော်ထင်တာတော့ သာမန်ဒရုန်းတွေပဲ သူတို့သုံးလိမ့်မယ်။ အဲလောက်နဲ့တင် ပေါပေါလောလောနဲ့ များများစားစား သုံးနိုင်မယ်ဆိုရင် ထိရောက်မှု ပိုပြီးတော့ အားကောင်း မယ်လို့ ကျနော်က မြင်တာပေါ့” ဟု ပြောသည်။
တော်လှန်ရေး အင်အားစုများဖက်မှ လေဆာပါသည့် လက်နက်များ၊ Jammer (ဒရုန်းဖျက်သည့်စက်) များ မရှိ သည်ကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက သာမာန်ဒရုန်းများဖြင့်သာ အမြောက်အများ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
လတ်တလောတွင် စစ်ကောင်စီ၏ ဒရုန်းများအား Jamming မလုပ်နိုင်ခြင်း (မဟန့်တားနိုင်ခြင်း)၊ ရန်သူ့ဖက်မှ Jamming (ဟန့်တား) လုပ်ထားသည့်အချိန်တွင် ဒရုန်းများဖြင့် ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲခြင်းများ ကြုံနေရ သည်ဟု ဝရဇိန်ဒရုန်းတပ်ဖွဲ့ တာဝန်ခံက ဆက် ပြောသည်။
“ဘယ်ဒရုန်း ဖြစ်ဖြစ်ပါ Drop (ဗုံးချ) ချမယ်ဆိုတဲ့ ဒရုန်းတစ်စီးက အမြင့်မီတာ ၃၀၀ နဲ့ အထက်မှာပေါ့ ပျမ်းမျှ ဆိုလိုရှိရင် ၅၀၀ နဲ့ ၇၀၀ ကြားပျံသန်းပြီးတော့ တကယ်ဒရုန်းအကြီးတွေဆိုရင် မီတာ ၁၂၀၀ အထိ တက်ပြီး ပျံကြတာလေ။ အဲလောက်ကနေ ပျံနေတဲ့ ဒရုန်းတွေကို ကျနော်တို့ဖက်မှာ ရှိနေတဲ့ လေဆာ လောက်နဲ့ ရန်သူဆီက ရတဲ့ ပစ္စည်းလောက်နဲ့ ဖျက်ချလိုက်ဖို့ဆိုတာက လတ်တလောအခြေအနေမှာ မဖြစ်နိုင်ဘူးလို့ ပြောရမှာ။”
စစ်ကောင်စီ၏ သာလွန်ဒရုန်း အင်အားများအား ယှဉ်တိုက်နိုင်ရန်အတွက် Anti- Jamming ဒရုန်းများကိုသာ တန် ပြန် အသုံးပြုနိုင်ပြီး ဝရဇိန်တပ်ဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက တီထွင်ထားပြီး ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။
သို့သော် စစ်မြေပြင်တွင် အသုံးပြုရန်အတွက် အရေအတွက် နည်းပါးနေဆဲဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ အလှူရှင် များနှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့၏ ထောက်ပံ့မှုများ အထူးလိုအပ်နေဆဲ ဖြစ်သည်။
လက်ရှိ တိုက်ပွဲ တစ်ခုစီတိုင်းတွင် စစ်ကောင်စီ၏ ဒရုန်းအရေအတွက်မှာ တော်လှန်ရေး အင်အားစုများထက် သာလွန်သည့် အခြေအနေရှိသော်လည်း ကရင်နီပြည် ဒရုန်းအင်အားစု အားလုံးနှင့် နှိုင်းယှဉ်လျှင်မူ အင်အား ဆတူနီးပါး ရှိသည်ဟု မြေပြင်အရင်းအမြစ်များက ဆိုကြသည်။