တရုတ်စွက်ဖက်မှုက လက်ရှိ အခြေအနေများကို ပိုမို ခက်ခဲစေမည်ဟု ABSDF ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်။
လူထုရဲ့ ဆန္ဒ သဘောထားကို မထင်ဟပ်တဲ့ မည်သည့် စွက်ဖက်မှုမျိုးက မဆို လက်ရှိ ရှိနေသည့် အခက်အခဲများကို ပိုမို ဆိုးရွားလာစေလိမ့်မည်ဟု တရုတ်စွက်ဖက်မှုနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားရာတွင် ABSDF က ပြောကြားခဲ့သည်။
နိုင်ငံတကာရောက် မိတ်ဆွေများနှင့် အွန်လိုင်း တွေ့ဆုံ ဆွေးနွေးမှုတစ်ခုကိုပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုများကိုလည်း ဆွေးနွေးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်ဦး ABSDF ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ၁ ရဲဘော် ကျော်ကျော်လင်းက ယခုကဲ့သို့ ပြော သည်။
ရဲဘော်ကျော်လင်းက “အဓိက ကျနော်တို့ ထောက်ပြတဲ့အချက်ကတော့ လူထုရဲ့ ဆန္ဒသဘောထားကို ထင်ဟပ်မှု မရှိတဲ့ ဘယ်လိုမျိုး စွတ်ဖက်မှုမဆို ဒါက အခုလက်ရှိ ဖြစ်နေတဲ့ အခက်အခဲတွေကို ပိုပြီး ကြီးထွားလာမယ်လို့ပဲ ကျနော်တို့ ယုံ ကြည်ပါတယ်။ နောက်တစ်ခုကတော့ အခု ဒီပဋိပက္ခအပေါ်မှာ ဘက်တစ်ဖက်ထဲကို ကျနော်တို့ ဇောင်းပေးပြီး တော့ ရပ်တည်ခြင်းဟာ ပဋိပက္ခကို ဖြေရှင်းပေးရာ မရောက်ပါဘူး။ နောက်ပြီးတော့ တကယ် တမ်း လက်ရှိ ကျနော်တို့ မြန်မာပြည်မှာ ဒီ ကျနော်တို့ တိုင်းရင်းသား ပြည်သူအားလုံး ခံစားနေရတဲ့ အခက်အခဲ တွေကို လည်း ဖြေရှင်းပေးနိုင်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး။ ဒါက အခုချက်ခြင်းလက်ငင်း ပြဿနာရဲ့ အရှိန်တန့်တာလောက်ပဲ သူတို့ သူတို့ လုပ်နိုင်မှာပါ။ တကယ်တမ်းကျတော့ ပြဿနာရဲ့ အရင်းခံ အကြောင်း အရင်းကို ဒီလို နည်းလမ်းတွေနဲ့ ဖြေရှင်းပေးနိုင်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး။ ဒါကြောင့်မို့ ဒီလိုမျိုး စွတ်ဖက်မှုတွေဟာ နည်းလမ်းမှန်တဲ့ ကျနော်တို့ ကူညီမှုလို့ ကျနော်တို့ အနေနဲ့ မယူဆပါဘူးခင်ဗျာ” ဟု ပြောသည်။
လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF က နိုဝင်ဘာလ ၂၃ ရက်နေ့ အွန်လိုင်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု ရဲဘော် ကျော်ကျော်လင်းက ပြောသည်။
“အဓိက ရည်ရွယ်ချက်က ကျနော်တို့ ၂ ခုရှိပါတယ်။ မိတ်ဆွေတွေကို အွန်လိုင်းမှာ မကဒတ ကနေပြီးတော့ ဒီနေ့ လုပ်နေတဲ့ စစ်ရေး နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်။ ရှင်းလင်း တင်ပြတာနဲ့အတူ ဒီဖက်မှာလည်း ကျနော်တို့ မကဒတက စစ်မြေပြင်မှာ လိုအပ်နေတဲ့ ရဲဘော်တွေ အတွက် လိုအပ်ချက်တွေကိုလည်း ကျနော်တို့ဆီက တင်ပြ တောင်းခံတဲ့ဟာ ဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ကျနော်တို့ နိုင်ငံရေးအရ ကျနော်တို့ ရှင်းလင်းတင်ပြတာလည်း ပါသလို ကျနော်တို့ လိုအပ်ချက်တွေကို ကျနော်တို့ ကူညီ ပံ့ပိုးပေးဖို့ တင်ပြတောင်းခံတာခင်ဗျာ။ အဓိက အဲဒါပါ။”
စစ်ရေး၊ နိုင်ငံရေးနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်း ရဲဘော်ကျော်ကျော်လင်းက ယခုကဲ့သို့ ဆက်ပြောသည်။
“အဓိက ကျနော်တို့ ဆွေးနွေးတာက ဒီနွေဦးတော်လှန်ရေး ပြန်စကတည်းက ကျနော်တို့ မကဒတ အနေနဲ့ ပါဝင် လာခဲ့တဲ့ အခြေအနေတွေ ကျနော်တို့ ပြန်လည်ဆွေးနွေးတင်ပြတာပါ။ အဓိကကတော့ စစ်ကြောင်းအသစ်တွေ နယ်မြေအသစ်တွေမှာ ကျနော်တို့ ရဲဘော်တွေ လှုပ်ရှားနေတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ အပြန်အလှန်ဆွေးနွေး တင်ပြတာ ဖြစ်ပါတယ်။နိုင်ငံရေး အခြေအနေဆိုလည်း ဒီဖက် NUCC တို့ ဘာတို့ စသဖြင့် အဲလိုမျိုးပေါ့ NUG နဲ့ MOU လက်မှတ် ထိုးထားတဲ့ ကိစ္စတွေ အဲဒါလည်း ပါတာပေါ့။ ABSDF ရဲ့ ပါဝင်ဆောင်ရွက် နေရတဲ့ နိုင်ငံ ရေး စစ်ရေး လုပ်ငန်းစဉ်တွေကို ပြန်လည် မိတ်ဆက်ပေးတဲ့ သဘောပေါ့။”
မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ တပ်ဦး ABSDF သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ လူထု လှုပ်ရှားမှု မှတစ်ဆင့် ပေါ်ပေါက်လာခဲ့သည့် တော်လှန်ရေး အဖွဲ့အစည်းဖြစ်ပြီး လက်ရှိ နွေဦးတော်လှန်ရေးတွင် လည်း အခြားသော တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ စစ်အာဏာရှင်ကို ဆက်လက်တော်လှန်နေဆဲ ဖြစ်သည်။