လက်ပြန်ကြိုးတုတ်လျှက် လည်လှီး အသတ်ခံထားရသော အမျိုးသား အလောင်းတစ်လောင်းတွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။ 

စစ်ကောင်စီတပ်မှ ရက်ရှည် အထိုင်ချခဲ့သည့် ပုလောမြို့နယ်ထဲက ဇရပ်ဆိပ်ကျေးရွာတွင် လည်လှီးသတ်ဖြတ်ခံ ထားရသည့် အမျိုးသား အလောင်းတစ်လောင်းကို တွေ့ခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ 

ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဇရပ်ဆိပ်‌ကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် လက်ပြန်ကြိုးတုပ်လျှက် လည်လှီးသတ်ဖြတ်ထားသည့် ရုပ်အ‌လောင်းအား နိုဝင်ဘာလ ၂၃ ရက်နေ့က ဘုန်းကြီး ကျောင်းဝင်းအနီး မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ 

သတ်ဖြတ်ခံထားရသည့်အလောင်းမှာ အသက် ၃၀ ခန့်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး မည်သူမည်ဝါ ဖြစ်သည် ကိုမူ မသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်ဟု ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ 

တော်တော်လေး နှိပ်စက်ခံထားရပြီးမှ သတ်ဖြတ်တဲ့ ပုံစံပါပဲ၊ ပြတ်ရှဒဏ်ရာတွေလည်း တွေ့တယ်။ အလောင်း က တော်တော်လေး ရုပ်ပျက်နေပြီ ဟု ပြောသည်။ 

နိုဝင်ဘာလ ၁၁ ရက်နေ့က ဇရပ်ဆိပ်ကျေးရွာထဲရောက် ရှိလာသည့် စစ်ကောင်စီ စစ်ကြောင်းမှ ကျေးရွာ ဘုန်းကြီးကျောင်း တောင်ပေါ်တွင် နေရာယူတပ်စွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

စစ်‌ကောင်စီတပ်က ဖမ်းဆီးထားသည့် ရွာသား‌များ၏ မိသားစုဝင်များကိုလည်း လိုက်လံ ဆက်သွယ်‌နေပြီး ရွာသားများ အားလုံးမှာ စစ်ရှောင်နေကြရသောကြောင့် ရှာဖွေအကြောင်းကြားပေးရန် ခက်ခဲနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ 

အဆိုပါ ရုပ်အလောင်းကို ပြန်လည်တူးဖေါ်နေသည့် အချိန်၌ တပိုကျေးရွာတွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် အမြန် မီးသင်္ဂြိုဟ်လိုက်ရသည်ဟု ကူညီဆောင်ရွက်ပေးခဲ့သူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး က ဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းမှ တပိုကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့သည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးထွက်ခွာသွားသည့် တပိုကျေးရွာနှင့် လည်လှီးအသတ်ခံထားရသည့် အမျိုးသား အလောင်းတွေ့ရှိခဲ့သည် ဇရပ်ဆိပ်ကျေးရွာတို့သည် ရွာချင်းဆက်ဖြစ်ပြီး မြိတ် – ထားဝယ်သွား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိသည်။ 

အလားတူ အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ပုလောမြို့နယ်၊ သင်္ကန်းတောကျေးရွာဘက်သို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့က အသက် ၃၀ အရွယ် သင်္ကန်းတော ရွာသားတစ်ဦးနှင့် ကဒဲရွာသား တစ်ဦး တို့ကို ပစ်သတ်ခဲ့သေးသည်။