ဖားကန့်မြို့ စက်သုံးဆီ ပြတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။ 

ကချင်ပြည်၊ ဖားကန့် – မိုးကောင်း ကားလမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်များမှ စက်သုံးဆီ ကားများအား ဝင်ခွင့်မ ပေးခြင်းကြောင့် ဖားကန့်မြို့နယ်တွင် စက်သုံးဆီ ပြတ်နေပြီဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ဖားကန့်၊ တာမခံမြို့သစ်နှင့် ကာမိုင်းမြို့တို့တွင် စက်သုံးဆီ ပြတ်နေခြင်း ဖြစ်သည်ဟု ဖားကန့်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ဆီဆိုင်တွေ အကုန်ပိတ်သလောက် ဖြစ်နေတယ်။ ဆီဆိုင်အကြီးတွေ အကုန်ပိတ်တယ်။ ဖားကန့် – မိုးကောင်း လမ်းမကောင်းဘူး။ စစ်ကောင်စီက အဝင်မခံဘူး ကြားတယ်။ အတိကျတော့ မသိရဘူး။ ဆီပြတ်တာက ခန့်မှန်း ကြည့်မယ်ဆိုရင် ကျောက်စိမ်း တူးဖော်နေတာက တရားမဝင် တူးဖော်နေကြတဲ့ ပုံစံပေါ့လေနော်။ ဖားကန့်မှာ ကလည်း စစ်ကောင်စီရဲ့ ထိန်းချုပ်မှုက တဖြည်းဖြည်း နည်းပါးလာပြီဆိုတော့ အဲ့ဒါကြောင့်ပဲ လုပ်တယ်လို့ ကောက်ချက်ချလို့ ရမယ်ထင်တာပဲ။

ဖားကန့်မြို့နယ်အတွင်း နိုဝင်ဘာ တတိယပတ်မှ စတင်ကာ စက်သုံးဆီ ပြတ်နေခြင်းဖြစ်ပြီး ယခင်က ဓါတ်ဆီ တစ်လီတာကို ကျပ် ၇,၀၀၀ သာရှိရာမှ ယခုတွင် ကျပ် ၁၀,၀၀၀ ထိ ဈေးတက်သွားကြောင်း ဒေသခံများ က ဆိုသည်။

ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက ၂၁ ရက်လောက်က စပြီး ဆီဆိုင်တွေ ပိတ်တာ ဈေနှုန်းက တစ်လီတာကို တစ်သောင်းကျော်တယ်။ ဈေးကြီးပြီး ဆီကတော့ မရှိဘူး၊ ကျောက်တူးတဲ့ လုပ်ငန်းတွေကတော့ မပြတ်ဘူး။ ဒေသခံတွေပဲ ဆီပြတ်တာပါ။ ဒီဇယ်က တစ်ပေပါကို ကျပ် ၂၄ သိန်းကျော် ရှိတယ် ဟု ပြောသည်။ 

ဖားကန့်မြို့နယ်တွင် ဆီပြတ်လပ်မှု ရက်ကြာရှည်လာပါက ဒေသခံပြည်သူများနှင့် ရေမဆေးသမားများ အတွက် သွားလာရေး အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း ဖားကန့်ဒေသခံ အမျိုးသားက ဆက်ပြောသည်။

ဒေသခံတွေကတော့ ဆိုင်ကယ်တွေနဲ့ သွားလာ လှုပ်ရှားရတယ်။ ကျောက်သမားတွေ၊ ဈေးရောင်း ဈေးဝယ်သူ တွေ၊ နောက် ကုန်စိမ်းသမားတွေက ဆိုင်ကယ်တွေနဲ့ လုပ်ကိုင် စားသောက်ရတာဖြစ်တဲ့ အတွက် ဒေသခံတွေ အတွက်တော့ ဆီပြတ်သွားရင်တော့ ကြီးကြီးမားမား ဒုက္ခရောက်တယ်လို့ ပြောရမှာပေါ့ဗျာ။ ရေရှည်ဆိုရင် တော့ ဒေသခံတွေအတွက်တော့ တော်တော်ကို ကယက်ထမယ့် သဘောမှာ ရှိတယ်။ ဒါပေမယ့် ဒီဘက်မှာက အဲ့လို ရေရှည်ကြီး လနှစ်ချီ ပိတ်တယ် ဆိုတာမျိုးတော့ တစ်ခါမှ မကြုံဖူးသေးဘူး။ အဲ့လောက် ပိတ်မယ်လို့တော့ မခန့် မှန်းထားဘူး။

ဖားကန့်မြို့နယ်ရှိ ဖားကန့်မြို့မှလွဲ၍ ဆိုင်းတောင်ကျေးရွာ၊ ဆယ်ဇင်းကျေးရွာနှင့် စစ်ကောင်စီတပ်စခန်း အများစု ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်တို့က သိမ်းပိုက်ထားခြင်း ဖြစ်သည်။

အောက်တိုဘာလမှ စတင်ကာ ကချင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် KIA၊ KPDF ပူးပေါင်းတပ်တို့ကြား တရုတ်နယ်စပ် ဒေသများတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး တရုတ်ဘက်ခြမ်းမှလည်း နယ်စပ်ဂိတ်များအား ပိတ်လိုက်ရာ လက်ရှိတွင် စက်သုံးဆီများ ပြတ်လပ်သွားခြင်း ဖြစ်သည်။

ဓါတ်ပုံ – KNG