ငွေလိမ်ဂိုဏ်းတွင် ရောင်းစားခံရသော ရုရှားနိုင်ငံသား တစ်ဦး အပါအဝင် နိုင်ငံခြားသား ၃၉ ဦးအား ကယ်တင်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။ 

ရှမ်းပြည်ရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းတွင် ရောင်းစားခံထားရသည့် ရုရှားနိုင်ငံသားတစ်ဦး အပါအဝင် နိုင်ငံခြားသား ၃၉ ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း ကူညီဆောင် ရွက်ပေးနေခဲ့သူများက ပြောသည်။

ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးက ကျားဖြန့်ဆီကနေ DKBA ကနေ အကူအညီ ယူပြီးမှ ကလေး တွေကို ပိုက်ဆံ အများကြီးနဲ့ ယူလာတယ်။ ယူလာပြီးမှ ကျနော်တို့ ထိုင်းနိုင်ငံရဲ့ စစ်တပ်ကို ဟိုဘက်ကမ်းကနေ ကူးပြီးမှ အပ်လိုက်တယ်။ သူတို့ သံရုံးကလည်း အကုန်လုံးလာတယ်။ နီပေါက သူတွေပါတယ်။ ရုရှားလည်း ပါတယ်။ မလေးရှားလည်းပါတယ်။ အားလုံးကို သူ့တို့ရဲ့ သံရုံးကို ချိတ်ပြီးမှ အဲ့ဒီနေ့မှာပဲ အားလုံးပြီးသွားပြီး ဟု ပြောသည်။

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA ၏ အကူအညီကို ယူ၍ အမည်မဖော်လိုသည့် မြန်မာနိုင်ငံသား အဖွဲ့တစ်ဖွဲ့က သွားရောက် ကယ်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့အား ကယ်ထုတ်ရာတွင် အချိန်ပေး၍ ခက်ခက်ခဲခဲ အဆင့်ဆင့် ကယ်ထုတ်ခဲ့ရသည်ဟု ပြောသည်။ အသေးစိတ်ကိုမူ  လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသည်။ 

ထို ၃၉ ဦးအား ကယ်တင်နိုင်ရန် နိုဝင်ဘာလ ၁၀ ရက်နေ့မှ စတင်ကာ နိုင်ဝင်ဘာလ ၂၅ ရက်နေ့အထိ ရက်ပေါင်း ၁၆ ရက်ကြာ ကြိုးစားခဲ့ကြရသည်ဟု ဆိုသည်။

၎င်းတို့အား ကယ်တင်နိုင်ရန် ကြိုးစားခဲ့ပြီးနောက် ထိုင်းနိုင်ငံ အစိုးရထံသို့ လွှဲပြောင်းပေးခဲ့ပြီး သက်ဆိုင်သည့် နိုင်ငံအသီးသီးသို့ ပို့ဆောင်ပေးသွားရန် ရှိသည်ဟု အကူအညီပေးနေသူများက ပြောသည်။

ယခု လွတ်မြောက်လာသူများထဲတွင် အမျိုးသမီး ၈ ဦး ပါဝင်ပြီး အဆိုပါ အမျိုးသမီးများမှာ သီရိလင်္ကာ နိုင်ငံမှ ဖြစ်ပြီး ရိုက်နှိက်ထားသည့် ဒဏ်ရာများပါ တွေ့ရသည်ဟု အကူအညီပေးရာတွင် ပါဝင်ခဲ့သူက ဆက်ပြောသည်။

အမျိုးသမီးတွေလည်း ပါ ပါတယ်ဗျာ။ အမျိုးသမီးတွေလည်း အများကြီးပဲ။ သီရိလင်္ကာနိုင်ငံက အမျိုးသမီး ၈ ယောက်။ ကျန်တာ အမျိုးသားတွေပါ။ သူတို့ကို ကျင်စက်တွေနဲ့ ရိုက်ထားတယ်။ တချို့လည်း အဓမ္မလည်း ကျင့်ခံရတယ်လို့လည်း ပြောပါတယ်။ ပြီးတော့ ကလေးကို ဗီဒီယိုလည်းရိုက်တယ်။ အဲ့ဒီ ဗီဒီယိုနဲ့ ပြန်ခြိမ်း ခြောက်တယ် မင်းတို့လည်း ငါတို့ ခိုင်းသလို မလုပ်ရင် မင်းတို့ကို ဒီလိုပဲ လုပ်မယ်ဆိုပြီး။ နောက်တစ်ခုက နီပေါထဲက တစ်ယောက်က အလုပ် မလုပ်လို့ တစ်ရက်ကို ၁၈ နာရီ လိမ်ရတာပေါ့နော်။ မလိမ်လို့ မနိုင်လို့ မလုပ်လို့ ဆိုပြီးတော့ ထိုင်ထ အခါ ၁,၀၀၀ လုပ်ခိုင်းတယ်။ အခါ ၁,၀၀၀ မှာ ၇၀၀ နဲ့ပဲ မူးလဲသွားတယ်။ အဲကလေးလည်း ပါလာတယ်။ ခြေထောက် ထော့နဲ့ထော့နဲ့ နဲ့။

ကျားဖြန့်လုပ်ငန်းမှ ကယ်တင်နိုင်ခဲ့သည့် ၃၉ ဦးမှာ အသက်အရွယ်အားဖြင့် ၂၀ နှစ်မှ ၃၅ နှစ် အကြား လူငယ်များ ဖြစ်ပြီး ရောင်းစား ခံထားရသူများထဲတွင် သီရိလင်္ကာ နိုင်ငံသား ၃၂ ဦး၊ နီပေါနိုင်ငံသား ၅ ဦး၊ ရုရှားနိုင်ငံသား ၁ ဦး နှင့် မလေးရှားနိုင်ငံသား ၁ ဦးတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင်းရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းများတွင် မြန်မာနိုင်ငံသားများ အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် ပါကစ္စတန်နိုင်ငံသားများ အများအပြားရှိနေသည်ဟု လွတ်မြောက်လာသူများ၏ ပြောပြချက်ကို ကိုးကား၍ အကူအညီပေးနေသူများက ဆိုသည်။

ရှမ်းပြည် မြောက်ပိုင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းကို တရုတ်နှင့် မြန်မာတို့ ပူးပေါင်းကာ ရှင်းလင်း သုတ်သင်နိုင်ပြီဖြစ်ကြောင်း တရုတ်အစိုးရဘက်က ထုတ်ပြန်ခဲ့ကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့က BBC သတင်း တွင် ဖော်ပြသည်။

ကျားဖြန့် ငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၅၃,၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သူ အယောက် ၁,၀၀၀ ခန့်တွင် တရုတ်နိုင်ငံသား ၇၆၂ ဦးပါဝင်ပြီး မြန်မာ နိုင်ငံသား ၃၀၀ ခန့်ပါကြောင်း ဖော်ပြထားသည်။