စစ်ကောင်စီနှင့် ၎င်း၏ အေဂျင်စီများမှ တဆင့် ကူညီခြင်းမပြုရန် နိုင်ငံတကာကို MSHN တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။ 

အကူအညီလိုအပ်နေသည့် မြန်မာ ပြည်သူများ ကို ကူညီရာတွင် စစ်ကောင်စီ နှင့် ၎င်း၏ အေဂျင်စီများမှ တစ်ဆင့် အကူအညီများအား လွှဲပြောင်းခြင်း မပြုလုပ် ရန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများနှင့် အလှူရှင်များအား မွန်ပြည် လူသားချင်း စာနာမှု ကွန်ယက်အဖွဲ့ MSHN က တောင်းဆိုလိုက်သည်။

စစ်ကောင်စီမှ တစ်ဆင့် ကူညီပံ့ပိုးမှုများသည် အမှန်တကယ် အကူအညီ လိုအပ်နေသည့် ပြည်သူများထံသို့ ရောက်ရှိခြင်း မရှိသည့်အတွက် တောင်းဆိုရခြင်းဖြစ်သည်ဟု မွန်ပြည် လူသားချင်း စားနာမှု ကွန်ယက်အဖွဲ့ (MSHN) ပြောရေးဆိုခွင့်ရှိသူ နိုင်မရော့မွန်က ပြောသည်။

၎င်းက စစ်ကောင်စီကနေ သူတို့ ကူညီတာကတော့ ရှိတော့ ရှိတယ်။ သူတို့ ကူညီမှုတွေက စစ်ကောင်စီက တိုက်ရိုက် စီမံခန့်ခွဲတဲ့ အနေအထား ဖြစ်နေတယ် ဆိုတော့ဒီဘက်ခြမ်းကို တော်တော်လေး ရောက်ဖို့ခက်ခဲတဲ့  အနေအထားကို ကျနော်တို့ တွေ့ရတယ်ပေါ့နော်  ဟု ပြောသည်။

ထို့အပြင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များထံမှ ရရှိလာသည့် အကူအညီများကို စစ်ကောင်စီက စစ်ရေး၊ နိုင်ငံရေးအရ အသုံးပြုလာနိုင်သောကြောင့် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု ဆိုသည်။

အခုလက်ရှိ ကျနော်တို့ ဒေသအတွင်း မှာ နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ဒီလူ့အခွင့်အရေးချိုးဖောက်မှုကို နိုင်ငံတကာကနေ သိရှိစေရန်နဲ့ သူတို့လည်း နိုင်သလောက် လူ့အခွင့်အရေးချိုးဖောက်မှု ကို သူတို့အနေနဲ့ ကျနော် တို့ကို နိုင်သလောက် ပြန်ပြီးတော့ ထာက်ပံ့စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဒီအလှူရှင်များထံ အကြုံပြု ခြင်းကို ထည့်ထားရခြင်း ဖြစ်ပါတယ်။” 

နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများအနေဖြင့် ပြည်တွင်း CSOs/CBOs များ၊ NGO အဖွဲ့အ စည်း များနှင့် နီးကပ်စွာ လက်တွဲပြီး စစ်ဘေးရှောင်များကို ထိရောက်စွာ ကူညီရန် မွန်ပြည် လူသားချင်း စားနာမှု ကွန်ယက်အဖွဲ့ (MSHN) တိုက်တွန်းထားသည်။

လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ စစ်ရေးပဋိပက္ခများကြောင့် နေအိမ် များမှ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒေသအသီးသီးသို့ ပြောင်းရွေ့နေထိုင်ကြရသည့် စစ်ဘေးရှောင် ပြည် သူများ၏ အဓိက လိုအပ်ချက် များကို နိုင်မရော့မွန်က ယခုကဲ့သို့ ပြောသည်။

 “အခုလက်ရှိကျတော့ သူတို့မှာ ဒီရာသီအကူးအပြောင်း ကာလမှာ ကျတော့ အထူးသဖြင့် ရာသီတုပ်ကွေးတို့ ဖြစ်ကြတာ တော်တော် များတယ်။ သူတို့ပထမဆုံး လိုအပ်တာက ဆေးဝါးတော့သူတို့ တော်တော် လိုအပ်တယ်။ နောက်တစ်ခု ကျတော့ ဆောင်းရာသီ ကူးတဲ့ အချိန်ကြတော့ သူတို့လည်း ဒီစစ်ရှောင်စခန်းမှာရှိတဲ့ အမိုးအကာ တွေတော့ တော်တော်များများ လိုအပ်တယ်။ ဦးစားပေးတာက စားနပ်ရိက္ခာကတော့ အထူးသဖြင့် လိုအပ်တာ ကျနော်တို့ တွေ့ရတယ်။

အောက်တိုဘာလထဲတွင် မွန်နှင့် ကရင်ပြည်နယ် တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားမှု နည်းပါးသော်လည်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲ ဖြစ်ပွားပြီး နေအိမ် စွန့်ခွာ ထွက်ပြေးနေရသူလည်း ပိုမို များလာခဲ့သည် ဟု MSHN ကဆိုသည်။

မွန်ပြည် လူသားချင်း စာနာမှု ကွန်ယက်အဖွဲ့ (MSHN) အနေဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၉ မြို့နယ်ထဲတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိရန်အတွက် လက်လှမ်းမီသမျှ သတင်းအချက်အလက်များ စုဆောင်ပြီး လှုပ်ရှားဆောင်ရွက်နေသည်။

အဆိုပါ မြို့နယ် ၉ မြို့နယ်မှာ မွန်ပြည်တွင် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်၊ ရေး၊ ကရင်ပြည်တွင် ကြားအင်းဆိပ်ကြီး နှင့် တနင်္သာရီတိုင်း ရေဖြူ၊ လောင်းလုံးမြို့တို့ ဖြစ်ပြီး မြေပြင်ထိ ကွင်းဆင်း လုပ်ဆောင်နေသည့်အပြင် ကျန်ရှိသေးသည့် မြို့နယ်များကိုလည်း ဆက်လက်တိုးချဲ့ လုပ်ဆောင်သွားရန်ရှိ သည်ဟု နိုင်မရော့မွန်က ဆိုသည်။