အာဏာသိမ်းပြီး နောက်ပိုင်း ကရင်နီ ပြည်သူ ၂၅၀ ကျော် သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်။ 

စစ်တပ်က အာဏာသိမ်းလိုက်သည့် အချိန်မှစ၍ ကရင်နီပြည်ထဲတွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် အမျိုးသမီးများ နှင့် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ ပြည်သူ ၂၅၃ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၃၃၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဌာနက ပြောသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၄ အောက်တိုဘာလအတွင်း ကလေးငယ်များ အပါအဝင် အရပ်သား ၂၅၃ ဦး သေဆုံးခဲ့ ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဌာနက  နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းမှုကြောင့်  ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာအနေဖြင့် ကရင်နီပြည်တွင် အမျိုးသမီး နှင့် ကလေးသူငယ်များသည် လေကြောင်း နှင့် လက်နက်ကြီး အန္တရာယ်တို့ကြောင့် ထိခိုက် သေဆုံးကြရသည် ဟု IEC က ဆိုသည်။

အမျိုးသမီးများနှင့် ကလေးသူငယ်များ သေဆုံးခဲ့ရသည့် အခြေအနေအပေါ် IEC အမျိုးသမီးနှင့် ကလေးသူငယ် ရေးရာ ဌာနမှ ဌာနမှူးကြီးက စစ်ကောင်စီကြောင့် သေဆုံးသွားတဲ့ ဟာတွေပဲ များပါတယ် ဟု ပြောသည်။

၂၀၂၄ ခုနှစ်အတွင်း ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် အမျိုးသမီး ၂၀ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ကလေး ၁၅ ဦး သေဆုံးပြီး ၄၄ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု IEC ၏ စာရင်းများ အရ သိရသည်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ၏ ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် ဥက္ကဋ္ဌလည်း ဖြစ်သူ ခွန်းဘီထူးက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်သော ”အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” တွင် ယခုကဲ့သို့ ပြောသည်။  

ဒီနေ့ ကျနော်တို့  နိုင်ငံမှာ ကလေးသူငယ် ပေါင်းများစွာအပြစ်မဲ့ သေဆုံးနေရတယ်။ စစ်ပွဲ ကြောင့်မို့လို့ အမျိုး သမီးများစွာ အသက်ဆုံးရှုံးပြီးတော့မှ အတိ ဒုက္ခရောက်နေတဲ့ အခြေအနေမျိုး ရှိတယ်။ အထူးသဖြင့် ကျနော် တို့ ကရင်နီပြည်မှာ ဆိုရင် လေယာဉ်ဗုံးကြဲပြီးတော့မှ ကလေးသူငယ်ပေါင်းများစွာ အသက်ဆုံးရှုံးရပြီးမှ အခုဆို လို့ ရှိရင် စိတ်ဒုက္ခတွေ လူမှုရေးဒုက္ခတွေ အများအပြား ကြုံနေရတဲ့ အခက်ခဲဆုံး အခြေအနေ ဖြစ်တယ်။”   

အမျိုးသမီးများ၊ ကလေး သူငယ်များနှင့် သက်ကြီး ရွယ်အိုများအား အသက် သေဆုံးမှုအဓိက ဖြစ်စေသည့် လေကြောင်းသုံး ပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှု များကို ရပ်တန့်နိုင်စေရန် စစ်အုပ်စုအား နိုင်ငံအသီးသီးမှ လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုကို တင်းကြပ်စွာ ပိတ်ဆို့ အရေးယူရန် IEC အမျိုးသမီးနှင့် ကလေးသူငယ် ရေးရာ ဌာနက တောင်းဆိုထားသည်။

ထို့အပြင် လေကြောင်းရန်မှ တားဆီးနိုင်ရန်အတွက် အီးယူသမဂ္ဂနှင့် သက်ဆိုင်ရာ နိုင်ငံများမှ လေယာဉ်ဆီ တင်ပို့ရောင်းချမှုကို လုံးဝ ရပ်တန့် ပေးသွားရန် သို့မဟုတ် လေယာဉ် ကင်းလွတ်ဇုန်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသည် ဟု ဆိုသည်။