ရေဦးစစ်ရှောင်များ စောင်၊ ခြင်ထောင် လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။ 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက နေအိမ်မရှိတော့သည့် စစ်ရှောင်ပြည်သူများ စောင်နှင့် ခြင်ထောင်များ လိုအပ် နေကြသည်ဟု အကူအညီပေးနေသူများက ပြောသည်။

ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၈ ရွာခန့်က နေအိမ်များမရှိတော့သည့် စစ်ရှောင် ပြည်သူ ၉၀၀ ခန့် အတွက် စောင်နှင့် ခြင်ထောင်များ အဓိက လိုအပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦးမြို့နယ် တာဝန်ရှိ သူက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦးမြို့နယ် တာဝန်ရှိသူက စစ်ရှောင်ပြည်သူတွေ အခြေအနေကတော့ အခုလော လောဆယ် မီးရှို့ခံထားရတဲ့ အိမ်တွေကလည်း ပြန်လို့ မရလို့ မရတဲ့အတွက် ဘုန်းကြီးကျောင်းမှာ နေ နေရပါ တယ်။ ဆောင်းဝင်ပြီး ဖြစ်တော့ သူတို့စောင်တို့ ခြင်ထောင်တို့ လိုအပ်တာပေါ့နော်။ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ အဓိကတော့ စောင်တို့ အနွေးထည်တို့ လိုအပ်နေပါသေးတယ်ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၁၇ ရက်နေ့မှ စတင်ကာ ရေဦးမြို့နယ်ထဲက ကျေးရွာ ၆ ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ် ၁၈၂ ဆောင် မီးလောင်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်နှင့် ပျူးစောထီး ပူးပေါင်း စစ်ကြောင်းသည် နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင် အချိန်ခန့်တွင် ရေဦးမြို့နယ်မြောက်ခြမ်းက ရွာဗုကြီးကျေးရွာကို စတင်ဝင်ရောက်ခဲ့ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့ တွင် ရေဦးမြို့နယ်ထဲက ရွာဗုကြီး၊ ကြို့ထိမ်း၊ ဆီဆုံ၊ ရွာရှည်၊ စီးမ၊ အင်ပင်၊ ပေကုန်း နှင့် မုံတိုင်ပင်ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျေးရွာများက မီးလောင်ပျက်စီးသွားသည့် မိသားစုများသည် လက်ရှိတွင် ဘုန်းကြီးကျောင်းနှင့် တောထဲတွင် တဲထိုးကာ နေထိုင်နေကြရသည်။

စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦးက စစ်ရှောင်တွေကတော့ ပြန်ဝင်လို့ပါပြီ။ အိမ်တွေ မီးရှို့ခံရတဲ့ ရွာသူ ရွာသားတွေကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတို့မှာ နေ နေရပါတယ်။ တစ်ချို့ပြည်သူတွေကတော့ တောထဲ တဲလေးတွေမှာပဲ နေ နေရပါတယ်။ တိုက်ပွဲကတော့ အဲ့ရက်ကဖြစ်တယ်။ ခွေးဘက် ဒရုန်းတွေနဲ့ လိုက်ချတဲ့ အတွက် စစ်ရှောင်ပြည်သူတွေ ကြားထဲကို ချတာ အမျိုးသမီးတစ်ယောက် သေတယ်။ လေးယောက်တော့ ဒဏ် ရာ ရတယ်ဟု ပြောသည်။

ရေဦးမြို့နယ်ထဲ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ ပူးပေါင်း စစ်ကြောင်း ၂ ကြောင်းက တစ်ပြိုင်တည်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ယခုကဲ့သို့ မီးရှို့ဖျက်ဆီးမှုများကို လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – ရေဦးမြို့နယ် တာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါ စစ်ကြောင်းမှာ တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှ ထွက်လာသည့် စစ်ကြောင်း ဖြစ်သည်ဟု ဆိုကြသည်။