ပုလဲ စစ်ရှောင်များ သောက်သုံးရေ လိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက စစ်ရှောင်ပြည်သူများ သောက်သုံးရေ လိုအပ်နေသည်ဟု ၎င်းတို့အား ကူညီပေး နေသည့် ဒေသတွင်းရှိ လူငယ်များက ပြောသည်။
ပုလဲမြို့ရှိ ပြည်သူများသည် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နိုဝင်ဘာလ ၂၇ ရက်နေ့အချိန်ထိ နေရပ်ကို မပြန်နိုင်ကြသေးဘဲ အနီးအနားက ဘေးလွှတ်ရာ နေရာများတွင် နေနေကြရခြင်း ဖြစ် သည်။
စစ်ရှောင်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေသူ ကိုဘိုဘိုက “သောက်သုံးရေ ခက်ခဲတယ်ဆိုတာက ပုလဲ မြို့ ပေါ်ကနေ အားကုန်လုံး မီးတွေကို ဖြတ်ချပစ်လိုက်တာ။ ဖြတ်ချလိုက်တော့ ဘေးရွာက လူတွေကလည်း မီး မရတော့ဘူး။ မရတော့တဲ့ အချိန်မှာ လက်ကိုင်တူးတဲ့ ရေတွင်းလေးတွေ လုပ်ပြီးတော့ သုံးရတယ်၊ အဲ့မှာ ရေ တွေက သူတို့အတွက် အခက်အခဲဖြစ်တာ” ဟု ပြောသည်။
ပုလဲမြို့ရှိ စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဗမာ့အမျိုးသား တော်လှန်ရေးတပ် BNRA နှင့် တော် လှန်ရေး ပူးပေါင်းတပ်များကာ တိုက်ခိုက်ခဲ့ပြီးနောက် ပုလဲမြို့နှင့် အနီးဝန်းကျင်ကျေးရွာများက ဒေသခံပြည်သူ များ ထွက်ပြေး တိမ်းရှောင်နေရခြင်း ဖြစ်သည်။
ပုလဲမြို့သိမ်းတိုက်ပွဲဖြစ်ခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ပုလဲမြို့ အပါအဝင် အေးကုန်း၊ အလယ်ဘုံ၊ ညောင်ကန်၊ သာယာကုန်း၊ ညောင်ကုန်း အစရှိသည့် ကျေးရွာများအပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူ များ စစ်ဘေးလွှတ်ရာကို ထွက်ပြေးနေရခြင်း ဖြစ်သည်။
ကိုဘိုဘိုက “ပုလဲမြို့ပေါ်က စစ်ရှောင်တွေကတော့ ပြန်မဝင်သေးဘူးဗျ။ မ ပုလဲမြို့နဲ့ အနီးဝန်းကျင်မှာ ရှိတဲ့ ရွာ တွေကတော့ နေ့ခင်းကို အလုပ်လေးတွေ ပြန်လုပ်ကြတယ်။ ပြီးကျရင် ညကိုတော့ ပြန်ပြီးတော့ အပြင်ကို ထွက် အိပ်ကြတယ်။ ကျနော်တို့ လိုက်ကြည့်တဲ့အခါ ဘုန်းကြီးကျောင်းတွေက နေရာမရှိတော့ဘူး။ ရွာပြင် ဇရပ်တွေမှာ အိပ်ရတယ်။ လယ်တောတွေထဲမှာ သူတို့ အမိုးလေးတွေ မိုးပြီးတော့ နေကြတယ်။ အဲ့လို ပုံစံမျိုး လေးတွေ ရှိတယ်။ ပြီးတော့ သူတို့က သောက်သုံးရေရယ် စားနပ်ရိက္ခာရယ်တော့ အခက်အခဲ ဖြစ်တယ်ဗျ” ဟု ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် ပုလဲမြို့ အပါအဝင် ပုလဲမြို့နယ်က ကျေးရွာများရှိ ဒေသခံပြည်သူ ၅,၀၀၀ ကျော် ယနေ့ချိန်ထိ ထွက်ပြေးတိမ်းရှောင်ရခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ပုလဲမြို့အား စစ်ကောင်စီတပ်သည် လူအင်အားဖြည့်တင်းကာ တပ်စွဲထားပြီး လေယာဉ် များလည်း ပျံဝဲနေသည်ဟု ဒေသခံများက ဆိုသည်။
ထို့အပြင် ရပ်ရွာထဲရှိ ပြည်သူများ၏ နေအိမ်များနှင့် ကားများကိုလည်း မီးရှို့ခြင်း၊ ရိုက်ဖျက်ခြင်းများ လုပ်နေ သည်ဟု ဆိုကြသည်။
စစ်ရှောင်များကို အကူအညီပေးနေသူ တစ်ဦးက “လက်ရှိအနေအထားကိုက မြို့တွင်းထဲမှာပေါ့ ပြည်သူတွေရဲ့ နေအိမ်တွေ အကုန်လုံး ဖျက်ဆီးထားတယ်။ ကားတွေ ဆိုင်ကယ်တွေ ရှိသမျှဟာ အကုန်လုံး ရိုက်ချိုး ဖျက်ဆီး ထားတာ ရှိတယ်။ သေချာတာကတော့ လုံးဝ မလုံခြုံတဲ့အတွက် ပြည်သူတွေက မကပ်ရဲတာ။ ပုလဲမြို့နားမှာ ရှိတဲ့ ရွာတွေကလည်း ပြန်မကပ်ရဲဘူး။ တစ်နေ့ တစ်ခေါက်နှုန်းလောက် လေယာဉ်ကလည်း လာနေတာဆိုတော့ လေကြောင်း ပစ်ခတ်မှုတွေ ဖြစ်မှာဆိုးလို့ ပြည်သူတွေကတော့ တော်တော်နဲ့ ကပ်ရဲမှာ မဟုတ်ဘူး။ စကစ လိုက်ပြီး မီးရှို့နေတယ်ပြောတယ်” ဟု ပြောသည်။
လက်ရှိတွင်လည်း ပုလဲမြို့ကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်ထားသောကြောင့် ဒေသခံများ နေရပ် မပြန် ရဲကြသေးဘဲ တိုက်ပွဲမဖြစ်သည့် ကျေးရွားများတွင် နေထိုင်နေကြရပြီး ပြည်သူ အချင်းချင်း၏ လှူဒါန်းမှုများနှင့် စားဝတ်နေရေးအတွက် ဖြေရှင်းနေရသည်ဟု ဆိုသည်။
နိုဝင်ဘာလ ၅ ရက်နေ့တွင်လည်း ပုလဲမြို့နယ်ထဲက အိုင်းမကျေးရွာအား စစ်ကောင်စီတပ်က လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး သုံးဦးနှင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရပြီး ၄ ရက်နေ့ တွင် အလယ်ဘုံကျေးရွာမှ အမျိုးသားတစ်ဦးလည်း လက်နက်ကြီးထိမှန်ကာ သေဆုံးသွားခဲ့သည်။
ဓါတ်ပုံ – စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်