ကနီ လူသတ်မှုများ အမြန် ဖော်ထုတ်ရန် BEGSC တောင်းဆို 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။ 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံနှင့် မိသားစုဝင်များ အသတ်ခံရသည့် ကိစ္စရပ်ကို အမှုမှန် ပေါ်ပေါက်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံး လုပ်ဆောင်ပေးရန် အခြေခံပညာရေး ဝန်ထမ်းများ အထွေထွေ သပိတ်ကော်မတီ (BEGSC) မှ တောင်းဆိုလိုက်သည်။ 

ဆရာ ဦးဝင်းဌေးနှင့် မိသားစုဝင်များ အသတ်ခံရသည်မှာ တစ်လနီးပါး ကြာလာပြီဖြစ်သော်လည်း အမှုမှန်မ ပေါ်ပေါက်နိုင်ဘဲ ကြန့်ကြာနေသည့်အတွက် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု (BEGSC) မှ ဆရာ ကျော်ရဲလွင်က ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုထားသည်။

ဆရာ ကျော်ရဲလွင်က “ဒီလိုမျိုး တော်လှန်ထိန်းချုပ် စိုးမိုးနယ်မြေတွေမှာ နောက်ထပ် ဒီလိုမျိုးအမှုတွေ မပေါ် ပေါက်ဖို့ဆိုတာ အရေးကြီးပါတယ်။ အဲဒီလို မပေါ်ပေါက်ဖို့ထက် လက်ရှိဖြစ်ပွားခဲ့ပြီးသော ဖြစ်စဉ်တွေ အမှုမှန် ပေါ်ပေါက်ဖို့ အင်မတန်မှ အရေးကြီးတယ်လို့ ကျနော်တို့ ရှုမြင်ပါတယ်” ဟု ပြောသည်။

ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာ ဦးဝင်းဌေး၊ ဇနီးသည် နှင့် ၃ လ အရွယ်ကလေး အပါအဝင် မိသားစုဝင် ၃ ယောက်တို့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ ညက တပုန်းကျေးရွာ နေအိမ်၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

အသတ်ခံရသူ ဆရာဦးဝင်းဌေးနှင့် မိသားစုတို့ နေထိုင်ခဲ့သော တပုန်းကျေးရွာသည် တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် နယ်မြေဖြစ်ပြီး ထိုဖြစ်ရပ်အတွက် လက်မခံနိုင်သလို အမှုမှန် ပေါ်ပေါက်ရန်အတွက် အရေး ကြီးသည်ဟု ဆရာကျော်ရဲလွင် က ဆက်ပြောသည်။

၎င်းက ဒီလိုမျိုး တော်လှန်ထိန်းချုပ် စိုးမိုးနယ်မြေတွေမှာ လူမဆန်စွာ မတရား သတ်ဖြတ်ခံရတဲ့ လုပ်ကြံသတ် ဖြတ်မှုတွေကို ကျနော်တို့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်၊ ဒီလိုမျိုး သတ်ဖြတ်မှုတွေကို ဆန့်ကျင်ပါ တယ်။ ရှုတ်ချပါတယ်။ ဒီလိုမျိုး ဆန့်ကျင်မှုကို နိုဝင်ဘာလထဲမှာ စာတွေထုတ်ပြန်ပြီးမှ ဆန့်ကျင်ခဲ့ကြတာ တွေရှိပါတယ် ဟု ပြောသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ ပညာရေး ဝန်ကြီးဌာနကလည်း ထိုဖြစ်စဥ်အား အမိန့်ပေးစေခိုင်း သူများ၊ ကျူးလွန်သူများ အားလုံးကို ဖော်ထုတ်၍ တရားမျှတမှု ရရှိစေရန် ဆောင်ရွက်သွားမည်ဟု နိုဝင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သို့သော် လက်ရှိအချိန်ထိ ထိုအမှုကို ဖြေရှင်းမှုများ မရှိသေးသောကြောင့် CDM ပညာရေး ဝန်ထမ်းများမှာ မလုံခြုံမှုများ ခံစားနေရသည်ဟု ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာတစ်ဦးက ပြောသည်။

“ကျနော်တို့ ဒီလိုမျိုးဖြစ်စဉ်တွေက အလားတူ ဖြစ်စဉ်တွေ ကျနော်တို့ရှေ့မှာ မပြီးမပြတ်ဘဲနဲ့ ကြန့်ကြာ နေတဲ့ အရာလည်း ရှိပါတယ်။ အဲတော့ ကျနော်တို့ မြေပြင်မှာ သွားလာလှုပ်ရှားနေကြတဲ့ ကြားကာလ ပညာရေး ဖော်ဆောင်နေကြတဲ့ သူတွေဟာ မလုံမခြုံသော စိတ်တွေ ဖြစ်ပြီးတော့ ခံစားနေရပါတယ်။”

အမှုမှန် ပေါ်ပေါက်ရေးအတွက် ဒီဇင်ဘာ ၄ ရက်နေ့ တစ်လပြည့်နေ့တွင် မြေပြင်နှင့် Online လှုပ်ရှားမှုကို ပြုလုပ်သွားမည်ဟု (BEGSC) မှ ထုတ်ပြန်ထားသည်။

ယခုနှစ် ဇူလိုင်လဆန်းကလည်း တော်လှန်ရေး အင်အားစုက ထိန်းချုပ်ထားသည့် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီး ကျေးရွာတွင် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် (၁၆) နှစ်အရွယ် ဆယ်တန်းကျောင်းသား ကိုမြင့်မြတ်ဦး ဆိုသူ အသတ်ခံခဲ့ရပြီး ထိုအမှုမှာလည်း ယနေ့အချိန်ထိ အမှုမှန် ပေါ်ပေါက်ခြင်း မရှိသေးဟု ဒေသခံများက ဆိုသည်။