ကရင်နီ တော်လှန်ရေး တပ်ဖွဲ့ဝင်များ KTV ပုံရိပ်ကို စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်။

လွတ်‌မြောက်နယ်မြေတွင်းရှိ KTV များကြောင့် တော်လှန်ရေးပုံရိပ် ထိခိုက်မည်ကို စိုးရိမ်သည်ဟု ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ရှောင်များနှင့် ဒေသခံပြည်သူများက ပြောသည်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ချယ်ရီကုန်းတွင် တိုးချဲ့ဖွင့်လှစ်ထားသည့် KTV များကြောင့် တော်လှန်ရေးပုံရိပ် ထိခိုက်ပျက်စီးမည်ကို စိုးရိမ်နေရသည်ဟု စစ်ရှောင်များ၊ ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်အချို့က ပြောသည်။

အဆိုပါ KTV များတွင် ညသန်းခေါင် အချိန်ထိ အော်ဟစ်ဆူညံခြင်း၊ မီးစက်သံကြောင့် အိပ်မရခြင်း၊ ဆူညံသံများ ကြောင့် လေကြောင်းအန္တရာယ် ကြိုတင် မကြားသိနိုင်ခြင်းများနှင့် ကြုံနေရပြီး တော်လှန်ရေးပုံရိပ်ကို ထိခိုက် ကျဆင်းစေသည်ဟု ဆိုကြသည်။

ထို့အပြင် KTV မှ ဆူညံသံများကြောင့် စစ်ဘေးရှောင်များ အနေဖြင့် ညစဉ် အိပ်ရေးပျက်ခြင်းများလည်း ကြုံတွေ့နေကြရသည်။

ချယ်ရီကုန်းတွင် ခိုလှုံနေသူ တစ်ဦးက မေးခွန်းထုတ်စရာ ရှိလာမှာက တော်လှန်ရေးလုပ်နေကြတဲ့ သူတွေက ပိုက်ဆံပေါနေကြလို့လားပေါ့။ ပိုက်ဆံတအားပေါလို့ အပန်းဖြေဖို့ လာကြတာလား။ နောက်တခုက တော်လှန် ရေးတပ်သားတွေ ကြားထဲမှာပဲ ဖြစ်ဖြစ်၊ အရပ်သားတွေ ကြားထဲမှာပဲ ဖြစ်ဖြစ် အထင်လွဲစရာတွေ ဖြစ်လာနိုင် တယ်ပေါ့ ဟု ပြောသည်။

ကရင်နီပြည်တွင် ဖော်ဆောင်ခဲ့သည့် တစ်လေးလုံး စစ်ဆင်ရေးအပြီး ဇူလိုင်လပိုင်းမှ စတင်၍ ချယ်ရီကုန်းရှိ လူနေအိမ်များနှင့် စစ်ဘေးရှောင် စခန်းများကြားတွင် KTV ၄ ခုခန့် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ KTV များမှာ တော်လှန်ရေး အင်အားစုများ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ကြသည်ဟု အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် ဒေသခံများက ပြောသည်။ ထိုသို့ ဖွင့်လှစ်လာသည့် KTV များကို ဒေသတွင်း အုပ်ချုပ်ရေးကဏ္ဍကို အကောင်အထည်ဖော်နေသည့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အနေဖြင့် စောင့်ကြည့် စီမံမှုများကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

IEC အတွင်းရေးမှူး – ၂ ဦးဗညားက လူထုတော်လှန်ရေး စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလကစလို့ ဒီနေ့ အချိန်အထိ ကရင်နီပြည်မှာ KTV နဲ့ပတ်သက်ပြီး တရားဝင်ခွင့်ပြုထားခြင်း မရှိပါ ဟု ပြောသည်။

တော်လှန်ရေးအင်အားစုများ အနေဖြင့်လည်း မကြာခဏ KTV တွင် သွားရောက် အပန်းဖြေခြင်း၊ စုဝေး ပျော်ပါးခြင်းများ လုပ်လေ့ရှိသည်ဟု ဆိုကြသည်။

အသက် ၂၅ နှစ်အရွယ် ဒေသတွင်းရှိ ကရင်နီ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက စစ်တပ်က နေရာအပြည့် ယူ ထားတာပေါ့။ အဲဒီနေရာတွေ ပြန်ရဖို့အတွက်ဆိုရင် ကျနော်တို့ တိုက်ယူရတယ်။ ရဲဘော်တွေအနေနဲ့ တိုက်ခိုက် ပြီး ယူရတာတွေ ရှိတယ်။ KTV တွေ ပေါလာတော့ စိုးမိုးနယ်မြေတွေ တိုက်ယူတာက ဒီလို ဖွင့်စားဖို့ ဆိုတာမျိုး တွေ ဖြစ်နေတယ်ပေါ့နော်။ အဲတော့ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် အရမ်းအားနာစရာ ကောင်းတယ်ဟု ပြောသည်။

အောက်တိုဘာလပိုင်းခန့်က စည်းကမ်းမလိုက်နာသည့် KTV များအား ပိတ်သိမ်းကြရန် IEC မှ ညွှန်ကြားထား သော်လည်း နိုဝင်ဘာလအတွင်း ပြန်လည် ဖွင့်လှစ်လာသည့် အခြေအနေများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ဦးဗညားက “KTV ကြောင့်ဖြစ်ပေါ်လာတဲ့ ဆူညံမှုတွေကနေစလို့  ရပ်ရွာလုံခြုံရေးကို ထိပါးခြိမ်းခြောက်တာ၊ ကရင်နီ လူမှုပတ်ဝန်းကျင် လူမှုအသိုင်းအဝန်းနဲ့ လူထုတော်လှန်ရေးပုံရိပ်ကို ညှိုးနွမ်းစေတာ မှန်သမျှက လက် သင့်ခံနိုင်စရာ မရှိပါဘူး။ လူမှုရေးရှုထောင့်ကနေရော ဥပဒေကြောင်းအရပါ ကိုင်တွယ်ဖြေရှင်း အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ဟု ဆက်ပြောသည်။

ချယ်ရီကုန်းတွင် KTV ၁၀ ခုခန့် ဖွင့်လှစ်လျက်ရှိပြီး ယခင် စစ်အာဏာမသိမ်းမီက လွိုင်ကော်မြို့တွင် ဖွင့်လှစ်ထားသည့် အရေအတွက်ထက်ပင် များသည်ဟု ဆိုကြသည်။

တော်လှန်ရေး အင်အားစုများဖက်မှ မကြာခဏ KTV များ သွားရောက်နေခြင်းကြောင့် လူမှုကွန်ရက် စာမျက်နှာ များတွင် ဝေဖန်မှုများ ကြုံတွေ့နေရသည်ဟု ဆိုသည်။